ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ် တို့အကြား အပြန်အလှန် ထိုးစစ်ဆင်မှုများနှင့်အတူ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းမှစတင်၍ နှစ်ဖက်စစ်ကြောင်းများ အပြန်အလှန် ထိုးစစ်ဆင် မှုများကြောင့် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး မင်းပြင်၊ သိုင်းချောင်း၊ ဒိုးတန်းတောင်၊ အဝတောင် စသည့် နေရာများအပြင် ဇိုင်ချောင်း၊ လိပ်ခမော်ရွာ အနီးဝန်းကျင်နှင့် အမှတ် (၃၂) ရဲတပ်ရင်း အနီးဝန်းကျင်တို့တွင်ပါ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။
”တိုက်ပွဲနေရာတွေက ပိုကျယ်ပြန့်လာတယ်။ တိုက်ပွဲအစောဦးပိုင်းက ဖြစ်ခဲ့တဲ့နေရာတွေမှာပါ ပြန်ဖြစ် လာတယ်” ဟုကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တောင်မော်ဦး ရေတပ်အနီးရှိ အဝတောင်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်ညပိုင်းမှစကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်းအချို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ကျောက်ဖြူအခြေစိုက် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းများမှ အင်အားများကို ကားများဖြင့် လိပ်ခမော် အနီးဝန်းကျင်သို့ အင်အား ဖြည့်တင်းခဲ့သလို၊ တောင်မော်ဦး ရေတပ်စခန်း အနီးဝန်းကျင် သို့လည်း စစ်သင်္ဘောများဖြင့် အင်အား ရာချီ ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် တောင်မော်ဦး ရေတပ်စခန်းဘက်မှ စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကြောင်း လှည့်ပြန်ခဲ့ရမှုမှာ အနည်းဆုံး ၃ ကြိမ်ခန့် ရှိသွားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်များက ဆိုသည်။
ရွေးတုအစိုးရ စစ်တပ်သည် လေကြောင်းမှ ပစ်ကူယူရန်အတွက် တရုတ်နည်းပညာအဖွဲ့များကို လေဆိပ်တွင်စခန်းချပေးထားပြီး ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည့်အပြင် ဂျိုင်ရိုကော်ပတာ များကိုပါ စုဖွဲ့ထားသည်။
ဓာတ်ပုံ-AA Info Desk