ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၅၈ မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦး သေနတ်အတို၊ အရှည် ၁၈ လက်နှင့်အတူ တပ်ရင်းမှ ထွက်ခွာပျောက်ဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်များကို တစ်ပြိုင်နက်တည်း မဟုတ်ဘဲ ၂ လက်၊ ၃ လက်စသည်ဖြင့် အသုတ်လိုက် ထုတ်ယူသွားခဲ့ပြီးမှ တပ်ထောက်ဗိုလ်ကြီးပါ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
”ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်မျိုးစုံ ၁၈လက်နဲ့ ထွက်ပြေးသွားတဲ့ တပ်ထောက်ဗိုလ်ကြီးဟာ အဆိုပါ ရပ်ဝန်း (KIA ထိန်းချုပ်နယ်မြေ) ကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က စုံစမ်းစစ်ဆေးရေးခုံရုံး (စုံခုံ) ဖွဲ့၍ စစ်ဆေးရာတွင် အဆိုပါ တပ်ထောက်ဗိုလ်ကြီးသည် စလော့ဂိမ်းနှင့် ကျွဲဂိမ်းများ ရှုံးနိမ့်သဖြင့် လက်နက်များကို ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု လိမ်ညာ ထွက်ဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။
သို့သော် စလော့ဂိမ်းရှုံး၍ လက်နက်ရောင်းစားသည်ဆိုသည့် အကြောင်းပြချက်မှာ ဖြစ်စဉ်မှန်ကို ဖုံးကွယ်ရန် စစ်တပ်က လိမ်ညာထားခြင်းသာဖြစ်ကြောင်းနှင့် မြေပြင် အခင်းအကျင်းအရ KIA ထိန်းချုပ် ထားသည့် လွတ်မြောက်နယ်မြေသို့ လက်နက်များနှင့်အတူ ဘက်ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း နေရာ လေးခုခန့်၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လူအင်အားနှင့် ခဲယမ်းများကို ဆက်တိုက် ဖြည့်တင်းလျက်ရှိကာ ပြည်သူ့စစ်အဖွဲ့များနှင့် စစ်မှုထမ်း တပ်သားသစ်များကို အဓိကအသုံးပြု၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ပုံစာ-ဝိုင်းမော်မြို့အခြေစိုက် အမှတ်(၅၈) ခြေလျင်တပ်ရင်း။