ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၃ ရက်

 

ရန်ကုန်မြို့ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင် စတင်ဖြစ်ပွားခဲ့သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသူ ၁၈၀ နီးပါးရှိနေပြီး ပြင်းထန် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦးအထိ ရှိလာကာ အသက် (၉၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရွေးတုအစိုးရ ရန်ကုန်တိုင်းရုံးမှ သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၉ ရက်မှ ၁၂ ရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးကုသမှုခံယူနေသူ ၁၈၁ ဦးရှိကာ ၁၁ ဦး ဆေးရုံဆင်းသွားပြီဖြစ်သည်။ ရောဂါစတင်ရာ လသာမြို့နယ်တစ်ခုတည်းမှပင် တက်ရောက်ကုသသူ ၂၉ ဦးရှိပြီး ယင်းအနက် လေး ဦးတွင် ကာလဝမ်းရောဂါပိုး အတည်ပြုတွေ့ရှိထားကြောင်း သိရသည်။

ရောဂါအဓိကဖြစ်ပွားသည့် လမ်းမတော်နှင့် လသာမြို့နယ်တို့ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ (YCDC) ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းရေများကို စစ်ဆေးရာ၌ ရေထဲတွင် ကျန်ရှိသည့် ကလိုရင်းဓာတ် (Residual Chlorine) ပမာဏသည် ကျန်းမာရေး ထိခိုက်နိုင်သည်အထိ လွန်ကဲစွာ ပါဝင်နေကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ချက်အရ သောက်သုံးရေထဲတွင် Residual Chlorine အနည်းဆုံး သုည ဒသမ ၂ mg/L သာ ပါဝင်ရမည်ဖြစ်သော်လည်း၊ လက်ရှိ YCDC ပိုက်လိုင်းရေထဲတွင် ၃ ဒသမ ၉၆ mg/L အထိ လွန်ကဲစွာ ပါဝင်နေသည်ကို စိစစ်တွေ့ရှိရသည်။

ကလိုရင်းပမာဏ ၁ mg/L ထက် ကျော်လွန်သည့် ရေကို သောက်သုံးမိပါက အစာအိမ် မသက် မသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ဝမ်းလျှောခြင်းအပြင် အရေပြား ယားယံခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ရေထဲတွင် ကလိုရင်းအနံ့ ပြင်းထန်နေပါက လေသလပ်ခံထားပြီး အနံ့ လျော့ပါးသွားချိန်မှ သောက်သုံးခြင်း၊ ရေကို ဆူအောင် ကျိုချက်သောက်သုံးခြင်းနှင့် ရေကို နေရောင်ပြထားခြင်းတို့ ပြုလုပ်ကြရန် WHO က ညွှန်ကြားထားသည်။

 

ထို့အပြင် ရန်ကုန်မြို့တွင်း ဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းရှိ လမ်းဘေးစားသောက်ဆိုင်များကို ၃ ရက်မှ ၅ ရက်အထိ ခေတ္တပိတ်ထားရန် YCDC က ညွှန်ကြား ထားသည်။

 

ဓာတ်ပုံ – YCC ၊ ဧရာဝတီတိုင်းမ်