ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

 

ထိုင်းနိုင်ငံတဝန်းရှိ နေရာဒေသအများအပြားတွင် ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ခရိုင် ကိုး ခုတွင် မြေပြိုမှုနှင့် တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင် ကြောင်း ထိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ္တုအရင်းအမြစ် ဦးစီးဌာနက ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

 

ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်သည့် ခရိုင် ကိုး ခုတွင် တာ့က်ခ်၊ ချင်းရိုင်၊ နန်း၊ ဖရောင်း၊ ဖက်ချဘွန်း၊ ကန်ချနဘူရီ၊ ပရာချင်ဘူရီ၊ ချန်သဘူရီ၊ ထရတ် တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းမိုးလေဝသဌာန၏ သတိပေးချက်အရ ယနေ့တွင် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများရှိ ခရိုင် ၁၇ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင်လည်း မိုးကြိုးမုန်တိုင်းများဖြစ်ပွားနိုင်ပြီး မိုးရွာသွန်းနိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

 

တောင်စောင်းဒေသများ၊ ရေလမ်းကြောင်းများအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးမှုများနှင့် ရုတ်တရက်ရေလျှံမှုများ ကို ကြိုတင်ပြင်ဆင်ထားကြရန်လည်း တာဝန်ရှိ သူများက သတိပေးထားပြီး ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း အသင့်ပြင် ထားကြောင်း သိရသည်။

 

လက်ရှိတွင် ထိုင်း-လာအိုနယ်စပ် နခွန်ဖနွန်ခရိုင်တွင် မဲခေါင်မြစ်ရေမြင့်တက်မှုကြောင့် အနီးရှိဒေသများ တွင် စတင်ကာရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး လာအိုနိုင်ငံဘက်ခြမ်းတွင်လည်း ရေကြီးမှုများဖြစ်ပွား လျက်ရှိကြောင်းသိရသည်။

 

ကိုးကား – Khaosod English