ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်မှ ရေတံခါးများ ဖွင့်လှစ်၍ ရေတိုးမြှင့် ထုတ်လွှတ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

အဆိုပါ ထုတ်လွှတ်လိုက်သည့် ရေများသည် ယနေ့ ဩဂုတ် ၁၃ ရက် ညပိုင်း သို့မဟုတ် မနက်ဖြန် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်ရှိ ကာဘိုးဆည်သို့ ရောက်ရှိမည် ဖြစ်သည်။ လက်ရှိတွင် ကာဘိုးဆည် ရေတံခါးများအားလုံးကိုလည်း ဖွင့်လှစ်ထားရှိသဖြင့် သဖန်းဆိပ်ဆည်မှ စီးဝင်လာသည့် ရေများသည် မူးမြစ် (နတ်မူးမြစ်) အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဆက်လက် စီးဆင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဖန်းဆိပ်ဆည်မှ ရေများ ဆက်တိုက် စီးဝင်လာမှုကြောင့် လာမည့် ၆ နာရီအတွင်း ရေဦးမြို့နယ် အပါအဝင် မူးမြစ်တစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ဆိုသည်။

 

သို့ဖြစ်ပါ၍ မူးမြစ်ကမ်းတစ်လျှောက်နှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် အရေးကြီး စာရွက်စာတမ်းများ၊ တန်ဖိုးကြီးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို စနစ်တကျ ပြင်ဆင်၍ ရေလွတ်ရာ ကုန်းမြင့်နေရာများသို့ အချိန်မဆိုင်းဘဲ အမြန်ဆုံး ကြိုတင်ပြောင်းရွှေ့ကြရန် သတိပေးထားသည်။

 

ထို့ပြင် မြစ်ချောင်းများအတွင်း ဖြတ်သန်းသွားလာခြင်းနှင့် ရေကူးခြင်းများ မပြုကြရန် သက်ဆိုင်ရာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မြေပြင်ကူညီရေးအဖွဲ့များက အရေးပေါ် သတိပေး နှိုးဆော်ထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်