ဧရာ၀တီတိုင်းမ်
သြဂုတ် ၁၃ ရက်
ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ အင်းစိန်လမ်းမကြီးပေါ်ရှိ MAB Bank ရှေ့တွင် ရပ်တန့်ထားသည့် ကားပေါ်မှ ငွေကျပ်သိန်း ၆၀၀ ခိုးယူသွားသူအား ဟင်္သာတမြို့နယ်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် သြဂုတ် ၅ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ၎င်း၏ Nissan March (အဖြူရောင်)ယာဉ်ကို လှည်းတန်း အင်းစိန်လမ်းပေါ်တွင် ခေတ္တရပ်ထားစဉ် ယာဉ်ပေါ်ပါ ငွေကျပ်သိန်း ၆၀၀ ခိုးယူခံခဲ့ရသဖြင့် ကမာရွတ်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“တရားခံက လော့ချတဲ့အချိန်မှာ နောက်ကနေ တံခါး လက်ကိုင်ကို မ,ထားလိုက်တာ။ ပြီးတော့ ပိုက်ဆံထုပ်ကိုယူလိုက်တာ။ ခိုးသွားတဲ့ ပိုက်ဆံတွေကို နေရာခွဲထားပြီး ရွှေတွေပါ လုပ်ပစ်လိုက် သေးတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်တွင် ပြစ်မှုကျူးလွန်သူ ဇော်လတ် ၃၈ နှစ် အား ဟင်္သာတမြို့နယ်၊ အုန်းကုန်းရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် ခိုးယူရာ မှရရှိသည့် ငွေကျပ် သိန်း ၃၄၀ နှင့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေထည်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူ ဇော်လတ်ကို ကမာရွတ်မြို့မရဲစခန်းက (ပ) ၃၈၀/၂၀၂၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ (ခိုးမှု) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။