ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် သစ်ကိုင်းကျိုးကျရာမှတစ်ဆင့် ဓာတ်ကြိုးပြုတ်ကျကာ ရပ်နား ထားသည့် Express မော်တော်ယာဉ်ပေါ်သို့ ကျရောက်ခဲ့၍ အမျိုးသား သုံး ဦး ဓာတ်လိုက်မှုဖြစ်ပွားကာ တစ် ဦး သေဆုံးပြီး နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၃)၊ အောင်ဇေယျလမ်းတွင် ,refaeh သြဂုတ် ၁၂ ရက် ည ၂၂ နာရီ ၃၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောင်ဇေယျလမ်းရှိ တမာပင်မှ သစ်ကိုင်းကျိုးကျရာမှတစ်ဆင့် ဓာတ်ကြိုးပြုတ်ကျကာ လမ်းဘေးတွင် ရပ်နားထားသော Express ယာဉ်ပေါ်သို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရပ်နားထားတဲ့ကားပေါ် သစ်ကိုင်းနဲ့အတူ ဓာတ်ကြိုးပြုတ်ကျတာ။ ရှော့ဖြစ်ပြီး ဓာတ်လိုက်တာ။ သေဆုံးသူ အမျိုးသား တစ် ဦး၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ အမျိုး သား တစ် ဦးနဲ့ မစိုးရိမ်ရ ဒဏ်ရာရရှိသူ အမျိုးသား တစ် ဦးပါ”ဟု တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ် စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ် စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဖြစ်စဉ်နေရာကို ချက်ချင်းသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို သန္ဓေသုခ လူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပုံစာ- ဓာတ်ကြိုးပြုတ်ကျပြီးနောက်တွေ့ရစဉ်။