ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
ကမ္ဘာ့စွမ်းအင် တင်ပို့မှုအတွက် အဓိက အကျဆုံး ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ဝါရှင်တန်က အလုံးစုံ ထိန်းချုပ်ထားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူး နေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ဟာ ရေလက်ကြားကို အပြည့်အဝ ဆက်လက် ထိန်းချုပ်ထားမှာဖြစ်ပြီး အမေရိကန် ရေတပ်ပိတ်ဆို့မှုဟာ သံမဏိတံတိုင်းလိုဖြစ်လို့ အီရန်က ဘာမှလုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဒေါ်နယ် ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားပါတယ်။
အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားမှာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ သတ်မှတ် တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမို မြင့်တက်စေခဲ့ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန် စစ်တပ်က သင်္ဘော ၅၉ စင်းကို လမ်းကြောင်းပြောင်းစေခဲ့ပြီး ၃ စင်းကို မောင်းနှင်၍မရအောင် ပြုလုပ်ကာ ဥပဒေအတိုင်း လိုက်နာမှုရှိစေဖို့ သင်္ဘော ၂ စီးပေါ်သို့ တက်ရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) မှာ တပ်ပျက်ကာ ထွက်ပြေးနေကြရလို့ အီရန်ရဲ့ စစ်ရေး စွမ်းရည်မှာ သုညအထိ ကျဆင်းသွားပြီလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရ စတင် တိုက် ခိုက်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ဇွန်လက နှစ်ဘက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ ဆွေးနွေးပွဲတွေ စတင်ခဲ့ ပေမယ့် လုံခြုံရေး အာမခံချက်နဲ့ ဟော်မုဇ်ရေလက်ကြား သွားလာခွင့်ကိစ္စတွေမှာ သဘောထားကွဲလွဲခဲ့လို့ ဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ရေလမ်း ကြောင်းဖြစ်လို့ ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့စွမ်းအင်လမ်းကြောင်းတွေ ထိခိုက်ကာ ရေနံဈေးနှုန်း မြင့် တက်လာနိုင်ပါတယ်။
ကိုးကား – Reuters
Ref; Trump declares US ‘total control’ over Strait of Hormuz, vows to keep it