ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခတွေကို လျှော့ချဖို့နဲ့ အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေ ပြန်ပါဝင်လာနိုင်မလားဆိုတာကို ဆန်းစစ်ဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေ အဆင့်မြင့် အာဆီယံ အစည်းအဝေးတွေ တက်ရောက်နိုင်ရေး ဆုံးဖြတ်ဖို့ အချိန်စောသေးပြီး နိုင်ငံအတွင်း အခြေအနေ တိုးတက်မှုတွေအပေါ်မှာသာ မူတည်မယ်လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံအဖွဲ့ဟာ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မြန်မာစစ်အုပ်စုဟာ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထုတ်ခံထားရပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခံရတာဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ မပြနိုင်သေးလို့ ဆီဟာဆတ်က ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဆီဟာဆတ်ဟာ ဖူးခက်မြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်ချက်တွေကြောင့် ထိုင်းနိုင်ငံဟာ မြန်မာစစ်အုပ်စုကို ကူညီပေးနေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံ မိသားစုထဲ ပြန်လည်ပါဝင်လာဖို့ကို မျှော်လင့်ထားပေမဲ့ နိုင်ငံအနေနဲ့ မိမိနေရာကို ပြန်ရယူဖို့အတွက် အများကြီး ကြိုးစားရဦးမယ်လို့ သူက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ ထိုင်းနိုင်ငံတစ်ခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ စုပေါင်း ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတယ်လို့ ဆီဟာဆတ်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဘယ်လို ပြောင်းလဲလာမလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီးမှသာ အာဆီယံအဖွဲ့မှာ ပြန်လည်ပါဝင်ခွင့်ကိစ္စကို စဉ်းစားနိုင်မယ်လို့ သူက ဆိုပါတယ်။
နေပြည်တော် ခရီးစဉ်အတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှုတွေ လျှော့ချရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်ခရီးစဉ်မှတစ်ဆင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ သတင်းစကားတွေကို သေချာ ပို့ဆောင်သွားမယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။
News: CNA
Ref; ASEAN ‘cannot be neutral all the time’ amid growing geopolitical competition, says Thai foreign minister