‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၂ရက်
‎
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှ KIA နှင့် K-PDF တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း မပြုရန်နှင့် သာသနိက အဆောက် အအုံများအတွင်း လက်နက်ကိုင် ဝင်ရောက်ခြင်း မပြုကြရန် နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် တင်းကျပ်စွာ သတိပေး တားမြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

‎အဆိုပါ ထုတ်ပြန်ချက်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ လူထုနှင့် ပေါင်းသင်း ဆက်ဆံရာတွင် ပြည်သူနှင့် KIAတပ်မတော်ကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရန်၊ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည်ကို လေးစား လိုက်နာကြရန် သတိပေးထားသည်။ စည်းကမ်း ဖောက်ဖျက် ကျူးလွန်မှုများ မရှိစေရေးအတွက်လည်း အထူး တားမြစ်ထားသည်။
‎
‎”ပြည်သူ့စစ်နဲ့ စစ်တပ်ဘက်က ဘုရားကျောင်းတွေထဲဝင်ပြီး တပ်စွဲတာရော စစ်သင်တန်းပေးတာရော အမျိုးမျိုးလုပ်တယ်။ PDF ဝတ်စုံတွေဝတ်ပြီး ပြည်သူတွေကို ပုံမှားရိုက် အနိုင်ကျင့်တာတွေရှိတယ်။ အဲဒါကြောင့် ထုတ်ပြန်ချက်တရားဝင်ထုတ်တာ ကွဲပြားသွားတာပေါ့” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎ထို့အပြင် ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်း၊ အကြပ်ကိုင်ခြင်းနှင့် လမ်းခရီး သွားလာရာတွင် တပ်ဖွဲ့၏ မူဝါဒ နှင့် ဆန့်ကျင်ဘက်ဖြစ်စေသော လုပ်ရပ်များ မဖြစ်ပေါ်စေရန်အတွက် အထက်အဆင့်ဆင့်မှ ချမှတ်ထားသည့် မူဝါဒနှင့် လမ်းစဉ်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်လည်း အထူး သတိပေး ထုတ်ပြန်ထားသည်။
‎
‎မြို့၊ ရွာများအတွင်း ရှိနေသည့် တပ်ဖွဲ့ဝင် ရဲဘော်များနှင့် လက်နက် ကိုင်ဆောင်ထားသူများ အနေဖြင့် သမိုင်းဝင် ယဉ်ကျေးမှုနှင့် ဆက်စပ်သော နေရာများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများအတွင်း လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခြင်း လုံးဝ မပြုလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် တားမြစ်ထားသည်။
‎
‎အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို ရှေ့တန်း၊ နောက်တန်းနှင့် ဌာနချုပ် (H.Q) ရှိ အရာရှိ၊ အရာခံ စစ်သည်များ အားလုံး တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် KIA တပ်မဟာ (၉) က အသိပေးထားသည်။
‎
‎ပုံစာ- နန့်မွန်းခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်သင်တန်းပေးနေသည့် SNA ရှမ်းနီပြည်သူ့စစ်များ