ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ကြမယ့် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပြတ်ပြတ်သားသား ကိုင်တွယ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာထံ နိုဝင်ဘာ ၅ ရက်က ပေးပို့တဲ့ စာထဲမှာ အတုအယောင် ရွေးကောက်ပွဲတွေမှတစ်ဆင့် မင်းအောင်လှိုင် သမ္မတရာထူး ရယူခဲ့တာကို အသိအမှတ်မပြုဖို့ HRW က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အာဆီယံနဲ့ ဒေသတွင်း အစိုးရတချို့ဟာ မြန်မာစစ်အုပ်စုရဲ့ အာဆီယံအဖွဲ့ တောင်းဆိုချက်တွေကို ပယ်ချနေတဲ့ကြား မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ပေမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ကြားဘူးလို့ ဖိလစ်ပိုင်အစိုးရက အတည်ပြုခဲ့ပါတယ်။

အာဆီယံ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အာဆီယံ အစည်းအဝေးတွေမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ထားတာကို ဆက်လက်ထားရှိဖို့ တိုက်တွန်းသင့်တယ်လို့ HRW က ဆိုပါတယ်။

အာဆီယံအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားအောင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပြီး အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့၊ အကူအညီပေးရေး ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းဖို့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ဖိအားတိုးမြှင့်သင့်တယ်လို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး ဂျွန်ဆစ်ဖ်တန်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ လူပေါင်း ၃၂,၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ၂,၃၀၀ ခန့် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့သလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၆,၆၀၀ ကျော် ပါဝင်ပြီး အများစုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က သမိုင်းဝင် စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က တောင်းဆိုထားတာကို တရားသူကြီးတွေက ဆုံးဖြတ်ချက် ချမှတ်ဖို့ ရှိနေပါတယ်။

အာဆီယံ အစည်းအဝေးတွေမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ပိုမိုအာရုံစိုက်သင့်ပါတယ်။

သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်သွားစေဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်လာစေဖို့အတွက် ပိုမိုပြင်းထန်တဲ့ ဖိအားပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ HRW က အလေးအနက် တိုက်တွန်းထားပါတယ်။

News: HRW
Ref; ASEAN: Increase Pressure on Myanmar Junta to End Abuses