ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နှင့် ရေနံမှော်နယ်မြေများအတွင်း တော် လှန်ရေးကာလအတွင်း တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာသည့် KTV ဆိုင်များကို နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ အပြီးတိုင် ပိတ်သိမ်းရန် ပခုက္ကူခရိုင် စစ်ဌာန– ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။
အဆိုပါ KTV ဆိုင်ခန်းများတွင် အရပ်သားပြည်သူ များအပြင် တော်လှန်ရေးသမားများပါ သွားရောက် ပျော်ပါးနေကြကာ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် သယ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ကြားသိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူ့အကျိုးနှင့် တော်လှန်ရေးအကျိုးကို မဆောင်သော အဆိုပါ KTV လုပ်ငန်းများကို ပိတ်သိမ်းရမည်ဖြစ်ပြီး၊ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံနှင့် ပခုက္ကူခရိုင် စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး (ယာယီ) တို့က လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်သည့်အတွက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူထားသည့် မကွေးဖယ်ဒရယ်ယူနစ်နှင့် သက်ဆိုင်ရာ ခရိုင်ပအဖတို့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်ကို စောင့်ကြည့်နေကြောင်း ဒေသခံများကဆိုသည်။