ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

 

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ရပ်တန့်ရေး၊ နယ်စပ် ကုန်သွယ်ရေး အခက်အခဲများ ဖြေရှင်းရေးနှင့် မြစ်ရေညစ်ညမ်းမှု ပြဿနာများကို ရွေးတုအစိုးရနှင့် အဓိကထား ဆွေးနွေးရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်က နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် ထိုင်းစစ်တပ် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသား လုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ်တို့ အပါအဝင် ထိုင်းစစ်တပ်နှင့် အစိုးရဌာနများမှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါလာကြသည်။

ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ရွေးတုသမ္မတ မင်းအောင်လှိုင် အပါအဝင် ရွေးတုအစိုးရ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နောက်ဆုံး အခြေ အနေများကို သိရှိနိုင်ရေး၊ ထိုင်းနိုင်ငံအပေါ် ထိခိုက်စေသည့် နယ်စပ်တစ်လျှောက် စစ်ဆင်ရေးများ ရပ်တန့်ရေး၊ နယ်စပ်ကုန်သွယ်ရေး အခက်အခဲများ ဖြေရှင်းရေးနှင့် ကော့မြစ်နှင့် စိုင်းမြစ်တို့အတွင်း ဖြစ်ပွားနေသည့် ရေထုညစ်ညမ်းမှု ပြဿနာများ ဖြေရှင်းရေး စသည့် အဓိက အချက် လေး ချက်ကို အလေးပေး ဆွေးနွေးသွားမည် ဖြစ်သည်။

 

ထို့အပြင် ထိုင်းကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများကို အရေးတကြီး လျှော့ချဖြေရှင်းရန် လိုအပ်နေကြောင်း ထောက်ပြသွားမည်ဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ၏ စိုးရိမ်ပူပန်မှု များအပေါ် ရွေးတုအစိုးရဘက်မှ လက်တွေ့ တုံ့ပြန်ဆောင်ရွက်လာရန်လည်း တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပုံစာ-နေပြည်တော်သို့ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့။