ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုးသားဒီမိုကရေစီပြတိုက် (National Museum of Korean Democracy) သို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၆ ရက်နေ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများလည်း လိုက်ပါခဲ့ကြပြီး၊ SCEF ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်း KDF ဥက္ကဋ္ဌ မစ္စတာ မွန်းဂုဂျူး Mr. Moon Kookjoo နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ လက်ရှိဆင်နွှဲနေသည့် ဒီမိုကရေစီတိုက်ပွဲ အခြေအနေများ၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအပေါ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာ၏ တစ်သားတည်း ရပ်တည်ပူးပေါင်းဆောင်ရွက်မှု International Solidarity ၏ အရေးပါပုံကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီနိုင်ရန် အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားမည့်အပြင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားရန် သဘောတူ ကတိပြုခဲ့ကြကြောင် သိရှိရသည်။
ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်း KDF အနေဖြင့်လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများနှင့်အတူ နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစိုက် မြှင့်တင်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
ဓာတ်ပုံ-ပေးပို့