ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ဟင်္သာတ၊ အထောင်နှင့် ရှားခဲ စသည့်ဒေသများတွင် မတ်ပဲစိုက်ခင်းများ ရေလွှမ်းမိုးခံရပြီး စိုက်ပျိုးတောင်သူများ အခက်တွေ့နေကြောင်း သိရသည်။
အချို့စိုက်ခင်းများမှာ အပွင့်နှင့် အသီးများ ထွက်ရှိနေပြီဖြစ်သလို၊ အချို့မှာလည်း စိုက်ပျိုးပြီးစဖြစ်ကာ ရာသီဥတုဖောက်ပြန်၍ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေမြုပ်သည့်အတွက် ပဲပင်များ ပုပ်ပြီး ပြန်လည်စိုက်ပျိုးရမည်ကို တောင်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။
“မိုးက ဆက်တိုက်ကို မပြတ်ဘဲ ရွာနေတာပါ။ ခုလိုသာ စိုက်ခင်းတွေ ရေဆက်မြုပ်နေရင် ပဲတွေ ပုပ်ကုန်ပြီး ပြန်ကြဲရမှာ စိုးရိမ်ရတယ်။ အခုထိလည်း မိုးက ရွာနေတုန်းပါပဲ” ဟု ဟင်္သာတမြို့နယ်ရှိ ဒေသခံတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် လက်ရှိတွင် စိုက်ပျိုးရေးသုံး ဆေးဝါးဈေးနှုန်းများ၊ စက်သုံးဆီဈေးနှင့် လုပ်အားခများ အဆမတန် မြင့်တက်နေခြင်းကြောင်း တောင်သူများ ထပ်မံ စိုက်ပျိုးစရိတ်ထုတ်ရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးမြင့်တက်နေပြီး လုပ်သားဈေးနှုန်းမှာလည်း တစ်ရက်လျင် ကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲအထိ ကုန်ကျနေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ၏ နိုဝင်ဘာလ ၁၁ ရက် ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးနေရာအနှံ့အပြား ရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်းအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
တိုင်းနယ်ပြည်နယ်များအတွင်း မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင် ရွေ့လျားရာနေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန်လည်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်