
ပိုက်ကျော်ခြင်းခတ်နေစဥ် ဗုံးခွဲတိုက်ခိုက်ခံရ၍ သေဆုံးသွားသော ရဲနှင့် စစ်သားများ၏ အလောင်းများကို သုသာန်ပိတ်၍ မီးသဂြိုလ်
အိဏ်လင်းအိမ် / ဧရာဝတီတိုင်းမ်
(မြင်းမူ) ၊ စက်တင်ဘာလ ၁၆ရက်
ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ၊ ညနေ ၅နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့၊ ကျန်စစ်ရပ်ကွက် စာသင်ကျောင်းတွင် ပိုက်ကျော်ခြင်းခတ်နေသော စစ်ကောင်စီတပ်သားများကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် Truth Fighterတပ်ဖွဲ့တို့မှ ပူးပေါင်းလျက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့ ၊ ကျန်စစ်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သား(၃၀)ခန့် တပ်စွဲထားပြီး စာသင်ကျောင်းနှင့်ကပ်လျက်ရှိသော ရဲစခန်းအတွင်း ရဲတပ်သားအင်အား (၅၀)ခန့် နေထိုင်လျှက်ရှိပြီး နေ့စဉ် ညနေပိုင်း၌ ပိုက်ကျော်ခြင်းစုဝေးခတ်လေ့ရှိသည်ကို စောင့်ကြည့်လျှက် ယခုလို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Zeroပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်
ကိုသက်ကြီးက ဆိုသည်။
” သူတို့ အလေ့အထ အသွားအလာကို စောင့်ကြည့်နေတာကြာပါပြီ ။ ပိုင်ပိုင်နိုင်နိင်ရှိလောက်ပြီဆိုမှ ခုလို ဗုံးခွဲတိုက်ခိုက်တာပါ။ကင်းစောင့်တဲ့ကောင်တွေရယ် ၊ ပိုက်ကျော်ခြင်းဝိုင်း ကြည့်နေတဲ့သူတွေရယ် (၁၅) ယောက် လောက်ရှိမယ်။ ‘ဝ’ပြည်ထုတ် လျှက်ဆားပုလင်းလို့ခေါ်တဲ့ လက်ပစ်ဗုံးနဲ့ ပိုက်ကျော်ခြင်းဝိုင်းအလည်ထဲ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ။မနေ့ကညအထိ
(၇)ဦးသေဆုံးလို့အတည်ပြုပေမယ့် ဒီနေ့မနက်မှာတော့ ဆေးရုံရောက်မှ (၃)ယောက်ထပ်သေတယ်လို့ သိရလို့ လက်ရှိအချိန်ထိ သေဆုံးတာ (၁၀)ဦးရှိတယ်” ဟု Zeroပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုလက်ရှိတွင် စစ်ကောင်စီမှ ပေါက်ကွဲတိုက်ခိုက်မှု ဖြစ်ပွားရာ ကျန်စစ်ရပ်စာသင်ကျောင်း အနီးတစ်ဝိုက်တွင် စစ်ဆေးမှုများရှိပြီး လုံခြုံရေးများ တိုးမြှင့်တင်းကြပ်ထားကြောင်း မြင်းမူမြို့ရှိ မြောက်သုဿန်ကို အဝင်အထွက်ပိတ်ကာ ရုပ်အလောင်းများအား မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း Zeroပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးထံမှ သိရသည်။
“သေတဲ့သူအများစုက ရဲတွေပါ။ ညက သူတို့တွေ မြောက်သုဿန်ကို ပိတ်ပြီး အလောင်းတွေကိုမီးရှို့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက ကြားရတယ်။ ဒီစစ်ဆင်ရေးက ကျွန်တော်တို့ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ Truth Fighterတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာပါ။
Missionကတော့ ဆက်တိုက် ဆက်လုပ်သွားမှာ ။ လေယာဉ်ပစ်လက်နက်ဝယ်ဖို့ လည်း ရည်ရွယ်ထားပါတယ် ။ ပြည်သူလူထုက ဆက်လက်ပြီး ဝန်းရံပေးကြပါဦး” ဟု Zeroပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့ကလည်း မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား(၃)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#မြင်းမူ #ပိုက်ကျော်ခြင်း #ရဲ #စစ်သား #သုသာန်
#Ayeyarwaddy_Times