ရုရှားနဲ့တရုတ် မဟာမိတ်ပြုမှုက နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ထိုင်ဝမ် သတိပေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

ရုရှားနဲ့တရုတ်ကြား ဆက်ဆံရေးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာရှင်ဝါဒ တိုးချဲ့လာမှုကို ဆန့်ကျင်ရမယ်လို့ ထိုင်ဝမ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့က ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး အနောက်နိုင်ငံတွေကို အာခံရာမှာ မဟာဗျူဟာ မြောက် ဆက်ဆံရေးကို ကြိုဆိုခဲ့ကြပါတယ်။

မဟာအင်အားကြီး နိုင်ငံတွေရဲ့အခန်းကဏ္ဍကို တာဝန်ယူဖို့ ရုရှားနဲ့အတူ ကြိုးပမ်းချင်တယ်လို့ ဥဇဘတ် ကစ္စတန်နိုင်ငံ ဆာမာကန်မြို့တော်မှာ ရှီကျင့်ဖျင်က ပူတင်ကို ပြောပါတယ်။

လိုအပ်ရင် အင်အားသုံးတိုက်ခိုက်ပြီး ပြည်မကြီးနဲ့ပေါင်းစည်းမယ်ဆိုတဲ့ လက်အောက်ခံပြည်နယ်တစ်ခု အဖြစ် တရုတ်က သတ်မှတ်ထားတဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့တောင်းဆိုချက်ကို ထောက်ခံတယ်လို့ ပူတင်က ပြောပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားမှုအပေါ် ရုရှားနိုင်ငံက ထောက်ခံတာကို ရှုတ်ချတယ်လို့ ထိုင် ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“တရုတ်နဲ့ရုရှား အာဏာရှင်အစိုးရတွေ မဟာမိတ်ပြုမှုက နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ဒီမိုကရေ စီနဲ့ လွတ်လပ်မှုကို အန္တရာယ်ဖြစ်စေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ပြီးခဲ့တဲ့လ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံက မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်ရေလက် ကြားတစ်လျောက် တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

နန်စီပလိုစီရဲ့ ခရီးစဉ်ပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောတွေ၊ ဒုံးကျည်တွေ၊ ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ထိုင်ဝမ်ကလည်း စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်တိုက်ခိုက်ဖို့ ကြို တင်ပြင်ဆင်နေတာလို့ ရှုတ်ချခဲ့ပါတယ်။

ကိုးကား – The Straits Times

Ref; Taiwan warns Russia, China ties ‘harm’ international peace