
PDF ကိုကြောက်လို့ ပေါင်မြို့မရဲစခန်းက ရဲတွေ ရုံးနေရာပြောင်းရွှေ့
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့မရဲစခန်းရုံးကို စက် တင်ဘာလ ဒုတိယအပတ်အတွင်းကစ၍ လူနေရပ်ကွက်အတွင်းပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ပေါင်မြို့ခံများထံကသိရသည်။
ပေါင်းရပ်ကွက်၊ ဇော်လေးပင်လမ်းထိပ်ရှိ မြို့နယ် အား ကစားရုံတွင် ရဲစခန်းရုံးကိုပြောင်းရွှေ့ဖွင့်လှစ်ရုံးထိုင်နေပြီး ရဲစခန်းအတွင်းတွင် အချုပ်သားစောင့်ရန် ရဲတပ်ဖွဲ့ဝင်အနည်းငယ်ချန်ထားခဲ့ပြီး အလှည့်ကျလဲလှယ်ကင်းစောင့်နေကြောင်း သိရသည်။
စက်တင်ဘာလ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းပစ်ခတ်မှုတိုက်ခိုက်ခံရပြီးနောက် ထပ်မံတိုက်ခိုက်ခံရမည်ကိုစိုးရိမ်သဖြင့် တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာတွင် ရဲစခန်းရုံးအား ယခုကဲ့သို့ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
” ရဲစခန်းအရှေ့ပိုင်းကကားလမ်းဘေးဆိုပေမယ့် တောင်ခြေမှာကပ်နေတာ။ အရင်တခါကလည်း ပစ်ခံ ထားရတော့ နောက်ထပ်ပေါ့ ရှော့ဒုံးတို့ လက်နက်ကြီးတို့နဲ့ တောင်ပေါ်ကနေ လှမ်းပစ်မှာကြောက်ကြတာ။ အရင်တခါကလဲ တောင်ပေါ်ကနေဘဲ ၄၀ မမတွေနဲ့ပစ်သွားတာဆိုဝော့ာ ကျည်လွတ်မယ့် လူနေရပ်ကွက်ထဲ ပြောင်းပြီးရုံးထိုင်ကြတာ ၊
သူတို့အထိအခိုက်နည်းအောင်ပေါ့၊ တောင်ပေါ်မှာPDF ရှိတယ်ဆိုပြီးသူတို့ကသေချာတွက်ထားတယ်၊ အာ့ကြောင့်မနေရဲတော့တာ။ အချုပ်သားစောင့်ဖို့တော့ နှစ်ယောက်လောက် အလှည့်ကျ ကင်းသွားစောင့်ကြတယ်” ဟု ဒေသခံ အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပေါင်ရဲစခန်းပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ကုလားမတောင်ကြောတလျှောက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးပြီး PDF များကိုရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိကြောင်း ဒေသခံများထံကသိရသည်။
ပေါင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများတွင်မကြာခဏဗုံးပေါက်ကွဲမှုများရှိနေပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် မြို့မရဲစခန်းပစ်ခတ်ခံရပြီးနောက် စက်တင် ဘာ ၆ ရက်နေ့တွင်လည်း ပျူစောထီးခေါင်းဆောင် ၃ ဦးပစ်ခတ်ခံခဲ့ရကာ တဦးသေဆုံးခဲ့ကြောင်း သိရသည်။
#AyeyarwaddyTimes