ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

လွန်ခဲ့တဲ့ ၅ နှစ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ ရာထူးမှ ဖယ်ရှားခံခဲ့ရပေမယ့် သံတမန်နေ အိမ်မှ ထွက်ခွာပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို နေအိမ်ကျူးကျော်နေထိုင်မှုဖြင့် သြဂုတ်လ ၁၂ ရက်နေ့က လန်ဒန်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

အသက် ၆၈ နှစ်အရွယ် ဦးကျော်စွာမင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့လို့ သံရုံးအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သူ့နေ ရာမှာ အခြားသူတွေနဲ့ အစားထိုးခံခဲ့ရပါတယ်။

ဦးကျော်စွာမင်းဟာ လန်ဒန်အနောက်မြောက်ပိုင်းရှိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင် ခဲ့လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ တရားမဝင်အစိုးရဖြစ်လို့ သူ့ကို သံအမတ်နေအိမ်မှ ထွက်ခွာခိုင်းပိုင်ခွင့် မရှိဘူးလို့ ဦးကျော်စွာမင်းက ပြောဆိုထားပါတယ်။

တရားလိုပြရှေ့နေ လွိုင်စ်အုတ်ကလီက မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်စွာမင်းရဲ့ သံအမတ်ကြီးတာဝန်ကို ရုပ်သိမ်းခဲ့ပြီးဖြစ်ရာ ၎င်းရဲ့ ထုချေချက်မှာ ဥပဒေအရ ခိုင်လုံမှုမရှိဘူးလို့ ဝက်စ်မင်စ တာတရားရုံး ကြားနာမှုမှာ လျှောက်လဲခဲ့ပါတယ်။

စစ်အုပ်စုအာဏာပိုင်တွေက ၂၀၂၁ ခုနှစ် ဧပြီလလယ်မှာ နိုင်ငံပိုင်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ ဦးကျော်စွာမင်းကို ညွှန်ကြားခဲ့သလို ဗြိတိန် နိုင်ငံခြားရေးရုံးကလည်း နေအိမ်မှ ထွက်ခွာပေးဖို့ ပြောဆိုခဲ့ ပေမယ့် ၎င်းက လိုက်နာခဲ့ခြင်း မရှိဘူးလို့ အုတ်ကလီက ဆိုပါတယ်။

“သံအမတ်ကြီးအဖြစ် အဲဒီအိမ်မှာ နေထိုင်ခွင့်ရခဲ့ပေမဲ့ တာဝန်မှဖယ်ရှားခံရပြီးနောက် ထွက်ခွာဖို့ ငြင်းဆန်ခဲ့လို့ သံတမန်အဆောက်အအုံ ကျူးကျော်ဝင်ရောက်တဲ့ပြစ်မှုကို ကျူးလွန်ရာ ရောက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အမှုကို အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး ဦးကျော်စွာမင်းရဲ့ရှေ့နေ ဒေးဗစ်ပယ်ရီက မြန်မာစစ် အစိုးရဟာ တရားမဝင်လို့ နေထိုင်ခွင့်ကို တရားဥပဒေအရ ရုပ်သိမ်းပိုင်ခွင့် မရှိဘူးလို့ တရားရုံးမှာ ပြောပါ တယ်။

ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက မြန်မာအစိုးရကို တရားဝင် အသိအမှတ်မပြုပေမယ့် ယင်းအချက်က ဉီးကျော်စွာမင်းရဲ့အမှုအတွက် လျှောက်လဲချက် မမြောက်ဘူးလို့ တရားလိုက အကြောင်း ပြန်ခဲ့ပါတယ်။

“တရားစွဲခံရသူအနေနဲ့ အာဏာသိမ်းမှုရလဒ်နဲ့ မြန်မာအစိုးရရဲ့ အခင်းအကျင်းကို အသိအမှတ်မ ပြုတာဟာ ဒီအမှုနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး” လို့ အုတ်ကလီက လျှောက်လဲခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Exiled Myanmar ambassador on trial for ‘trespass’ at diplomatic residence in Britain