နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

 

တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်မှု ထိုးစစ်ကို ကြိုတင်ကာကွယ်ရန်နှင့် နိုင်ငံရေးအရ အသုံးချနိုင်ရန်အတွက် အာဏာသိမ်းစစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မိုင်းလားအဖွဲ့ (NDAA) နှင့် နေပြည်တော်တွင် အပေးအယူလုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အုပ်ချုပ်ခွင့်ရ မိုင်းလားတပ် (ခေါ်) အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ခေါင်းဆောင်များသည် နေပြည်တော်သို့ သွားရောက်ကာ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် အပါအဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်အုပ်စု၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်များအရ NSPNC နှင့် ဩဂုတ် ၁၀ ရက်တွင် ဒုတိယအကြိမ် စတင်တွေ့ဆုံခဲ့ပြီး ဩဂုတ် ၁၁ ရက်တွင် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုတွင် NDAA ဘက်က တောင်းဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ပေးရေး ကိစ္စများကို အဓိကထား ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

“ယနေ့ဆွေးနွေးပွဲမှာ မိုင်းလားဒေသအား မြင့်မားတဲ့ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိအောင် တည်ဆဲဥပဒေတွေနဲ့အညီ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် လိုလားချက်တွေကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့ကြောင်း သိရသည်။

 

သို့သော် စစ်အုပ်စု ထိန်းချုပ်နိုင်ခြင်း မရှိသည့် အခြားသော ဒေသများကဲ့သို့ပင် မိုင်းလားဒေသကိုပါ စစ်အုပ်ချုပ်ရေးအောက် ထည့်သွင်းထားမှုအား ပယ်ဖျက်ပေးရန် NDAA ဘက်မှ တောင်းဆိုချက်ကိုမူ လက်ခံပေးခြင်း မရှိသေးပေ။ ထိုကဲ့သို့ နှစ်ဖက်အကြား ယုံကြည်မှု ပျက်ပြားနေချိန်တွင် ရွေးတုအစိုးရက NSPNC အပြင် အာဏာသိမ်း ရွေးတုသမ္မတနှင့်ပါ NDAA အား တိုက်ရိုက်တွေ့ဆုံခွင့်ပေးကာ စည်းရုံးလာခြင်းဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နိုင်ငံနဲ့ ဒေသအကျိုးအတွက် ပါဝင်ဆောင်ရွက်သွားဖို့နဲ့ မိုင်းလားဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အစိုးရမှ ဖြည်းဆည်းဆောင်ရွက်ပေးသွားမယ်” ဟု NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အာဏာသိမ်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ဆိုသည်။

 

ယခင် စစ်အစိုးရ (နဝတ) ခေတ် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်သွားသည့် တပ်မှူး ဦးစိုင်းလင်း ဦးဆောင်သော NDAA မိုင်းလားတပ်သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးခဲ့ပြီးနောက် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိခဲ့ပေ။

 

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်များနှင့် လမ်းကြောင်းများ ရှိသော မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသများကို ယခင်စစ်အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အခြားဒေသများရှိ ခုခံတော်လှန်မှုများ ကြောင့် မိုင်းလားဒေသကိုပါ စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ထည့်သွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

 

မိုင်းလားတပ် (NDAA) သည် ဒေသတွင်း တိုက်ပွဲမရှိသော်လည်း အာဏာသိမ်း ရွေးတုအစိုးရကို အထိနာစစ်ရှုံးစေခဲ့သည့် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

 

အဆိုပါ FPNCC အဖွဲ့ဝင် ညီနောင်မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်ရေးထိုးစစ်များ ပြုလုပ်လာသဖြင့် စစ်အုပ်စုအနေဖြင့် စစ်ရေးအကျပ်အတိုက် ကြုံနေရပြီး ၎င်းတို့ ထိန်းချုပ်မရသော မြို့နယ် ၆၀ ထဲတွင် ပါဝင်နေသည့် မိုင်းလားဒေသကို စစ်ရေးအရ ကြိုတင်ကာကွယ်လိုသည့်အတွက် နိုင်ငံရေးအရ အသုံးချရန် အပေးအယူလုပ် ဆွေးနွေးခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

 

လက်ရှိတွင် NDAA ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလင်း၏ သားဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးထိန်လင်းက တာဝန်ယူထားပြီး ၎င်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် တွေ့ဆုံမှုအတွင်း ရှမ်းမြောက် စစ်ဆင်ရေးများကြောင့် ပြန်လည်အရေးပါလာသည့် ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေးနှင့် မိုင်းယု-ကျိုင်းယန်း တံတား ပုံမှန်ပြန်လည် ဖြတ်သန်းသွားလာနိုင်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။