ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ သြဂုတ် ၁၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ရိဒ်လမ်းမပေါ်ရှိ Bualte ကျေးရွာကို ရွေးတုအစိုးရတပ်က အသေခံ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ သြဂုတ်လ ၁၂ ရက်၊ ညနေ ၄ နာရီခန့်တွင် Bualte ကျေးရွာရှိ ရွေးတုအစိုးရစစ်တပ်က ၎င်းတို့၏တပ်စခန်းဟောင်းကို ဗုံးသီးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်။
“အသေခံ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချသွားတာပါ။ အရင် စစ်တပ်ရဲ့ တပ်စခန်း ဟောင်းမှာ ကျပေါက်ကွဲတယ်”ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် နေအိမ်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းသည် ယခင်က ၎င်းတို့ လက်လွတ်ရှုံးထားသည့် စခန်းကို ပြန်လည်သိမ်းယူရန်နှင့် အဆိုပါ စခန်းမှတစ်ဆင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်လက် စစ်ကြောင်းထိုးလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“အရင်စခန်းဟောင်းကို သိမ်းယူပြီး ရိဒ်ခေါဒါရ်ဘက် စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်။ အဲစခန်းက ရိဒ်ခေါဒါရ်ဘက် သွားတဲ့ လမ်းမပေါ်မှာရှိတာဆိုတော့ ဖြစ်နိုင်တယ်”ဟု ဖလမ်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ဖလမ်းမြို့မှ ရိဒ်ခေါဒါရ်မြို့ဘက်သို့ စစ်ကြောင်း ဆက်လက်ထိုးစစ်ဆင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဟားခါးမြို့မှ စစ်တပ် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ကို စစ်ကားများဖြင့် ဖလမ်းမြို့သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပုံစာ- အသေခံဒရုန်ဗုံးအပိုင်းအစများကိုတွေ့ရစဥ်