ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
စစ်မှုထမ်းရန် စေလွှတ်ခဲ့သည့် ရာအိမ်မှူးဖြစ်သူကို စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လည် ရောက်ရှိ လာသူက မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခု၌ ရှာဖွေကာ ဓားဖြင့်ထိုးခုတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်မှုထမ်းပြန် မောင်မောင်တုတ်သည် ယမန်နေ့ ဩဂုတ် ၁၁ ရက် ည ၇ နာရီခန့်က ချမ်းအေး သာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် ရာအိမ်မှူး ဦးနိုင်ဝင်းထံသို့ ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်ခဲ့ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးခုတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးနိုင်ဝင်းတွင် ရင်ဘတ်၊ နောက်ကျောနှင့် ဂျိုင်းအောက်တို့၌ ထိုးသွင်းဒဏ်ရာများ၊ လက်မောင်းနှင့် ရင်ဘတ်တို့၌ ပြတ်ရှဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ မိနစ် ၂၀ အကြာတွင် ပြစ်မှုကျူးလွန်သူ မောင်မောင်တုတ်ကို ၎င်း၏နေအိမ်၌ပင် ဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် မောင်မောင်တုတ်အား ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။