‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၂ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ သဲဖြူနှင့် ဘောမိချောင်း ဒေသဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ညပိုင်းအချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေကြောင်း သိရသည်။

‎သဲဖြူဘက်နှင့် ဘောမိချောင်း ဒေသတွင် တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို ယမန်နေ့ ဩဂုတ် ၁၁ ရက် ညပိုင်းအချိန်ထိ ကြားနေရပြီး ဝါးယားရွာနှင့် ကဇင်းတော ဘက်မှလည်း လက်နက် ငယ်သံများပါ ည ၈ နာရီ ၃၀ မိနစ်ကျော်အထိ ဆက်တိုက် ကြားနေရကြောင်း သိရသည်။

‎”လက်နက်ကြီးသံကတော့ ၄၊ ၅၊ ၆ ချက်မက ဆက်တိုက် ကြားရတယ်။ ဝါးယားရွာဘက်နဲ့ ကဇင်းတော ဘက်က‌ေနလည်း လက်နက်ငယ်သံတွေ ပါ ကြားနေရတာပါ။ လက်နက်ကြီးကတော့ သဲဖြူနဲ့ ကင်ပွန်းချဉ်မှာ တပ်စွဲထားတာမျိုး ရှိပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎တိုက်ပွဲဖြစ်ပွားသည့် လက်နက်ကြီး၊ ငယ်သံများကြားနေရသော ကဇင်းတောသည် ကြက်သွန်ကွင်း – သဲဖြူ လမ်းဆုံ မှ ၇ မိုင်ခန့် ကွာဝေးပြီး ဝါးယားရွာ နှင့် ၁၁မိုင်ခွဲခန့် ကွာဝေးသည့်အတွက် အဆိုပါ နေရာများအနီး ဖြစ်ပွားနေခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်း၍ရသည်။

‎လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက် ထိခိုက်‌ေသဆုံးမှု အခြေအနေ အသေး စိတ်ကိုမူ မသိရှိရသေးပေ။ သို့သော်လည်း သာပေါင်းနှင့်ရေကြည်ဘက်ရှိ ကြောင်လျှာ၊ ရွာသစ်ကလေး၊ ချက်ပွိုင့်၊ သုံးတန်ကူးတို့ဘက်တွင်တိုက်ပွဲများ ဆက်ရှိနေသည်။

‎လက်နက်ကြီးစခန်းထိုင်ပြီး ဗျူဟာမှူးအဆင့်အုပ်ချုပ်နေသည့် သဲဖြူနှင့် ကင်ပွန်းချဉ်ကုန်းတို့မှ စစ်တပ်က လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်