ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

 

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့် ပြည်သူများထံသို့ ကူညီကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ သွားရောက်ပေးအပ်သည့် ပရဟိတအဖွဲ့များကို ရွေးတုအစိုးရစစ်တပ်က စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်၌ တားဆီးပိတ်ပင်ပြီး ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းယူနေ ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

 

မန္တလေးနှင့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များက ရေဘေးသင့်ဒေသများသို့ ဆန်၊ ဆီ၊ ဆေးဝါး၊ အဝတ် အထည်နှင့် ဖိုက်ဘာလှေများ သယ်ယူကူညီရန် ကြိုးပမ်းခဲ့ကြသော်လည်း ရွေးတုအစိုးရစစ်တပ်က ဖြတ်သန်းခွင့် မပေးဘဲ တားဆီးသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် မြို့ပေါ်နယ်မြေများတွင်သာ ကူညီခွင့်ပေးထားပြီး အမှန်တကယ် ကူညီရေး လိုအပ်နေ သည့် ကျေး လက်ဒေသများနှင့် စစ်ရှောင်စခန်းများသို့ ကူညီရေးအဖွဲ့များ သွားရောက်နိုင်ခြင်း မရှိသည့် အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုက အသိပေးထားသည်။

 

“အညာဒေသက အမျိုးတို့ အားတင်းထားပါ။ ကျွန်တော်တို့ကို ရေဘေး လာကူပါဆိုလည်း စစ်ကိုင်းမြို့ ထဲလောက်ပဲ ကယ်ဆယ်ရေး လာကူပေးလို့ အဆင်ပြေမှာပါ။ တကယ်လိုအပ်တဲ့ ရွာတွေနဲ့ စစ်ရှောင် စခန်းတွေဘက် လာမကူနိုင်မယ့်ဘဝမို့ ဆင်းမလာတာကို နားလည်ပေးပါ။ ကျွန်တော်တို့ ပစ်ထားတာ မဟုတ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးတစ်ဦးက ဆိုသည်။

လက်ရှိတွင် သဖန်းဆိပ်ဆည်မှ ရေလွှတ်ထုတ်မှုကြောင့် မူးမြစ်ရေလျှံကာ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုနှင့် ရေဦးမြို့နယ်ရှိ ကျေးရွာ အမြောက်အမြား ရေနစ်မြုပ်နေပြီး လူဦးရေ သိန်းနှင့်ချီကာ ရေဘေး ဒုက္ခ ကြုံတွေ့နေရသည်။

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်းမှ အာဏာလု စစ်တပ်က ရေဖောက်ချခဲ့မှု ကြောင့် ဆည်အောက်ပိုင်း အညာဒေသ မြို့နယ် ၁၁ ခုတွင် ကျေးရွာပေါင်း ၂၀၀ ကျော် ရေလွှမ်းမိုးခံရပြီး အရပ်သား ၂၄ ဦး သေဆုံးကာ ၂၁၃,၇၂၅ ဦး ရေဘေးသင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဓာတ်ပုံ-NUG ၊ Tun Min(ပရဟိတ)
ပုံစာ-ရေဘေးကြုံတွေ့နေရသည့် ပြည်သူများကို ကူညီပေးနေသည့် ပကဖ ရဲဘော်များကို တွေ့ရစဉ်။