ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

 

ရန်ကုန်တွင်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုစတင်နေရာ ဝမ်းလျှောလူနာ ၄၀ ဦးခန့် ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူများပြားလာရာ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်တို့တွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားရာ လူနာ ၄၀ ဦးခန့် ဆေးရုံတွင်ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

 

မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ပိုးပါဝင်သည့် မသန့်ရှင်းသောရေနှင့် အစားများကိုစားသောက်မိရာမှ ကူးစက်ခံရခြင်းဖြစ်သည်။

“ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာ တစ်ရက်အခါ ၂၀ လောက်သွားတယ်။ ဆေးရုံမတက်ရသေးဘူး။ သောက်ဆေးနဲ့အဆင်ပြေသေးတယ်။ အရင်ရက်က မူကထစားဖြစ်တယ်။ အဲဒီမှာပုစွန်အစိမ်းသုပ်စားတယ်။ အချည်ရည်တွေစားမိတယ်။ အဲဒီကနေဖြစ်တယ်ထင်တယ်” ဟု အလုံမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။

 

ထို့ပြင်ပြင်းထန်သောရောဂါလက္ခဏာများဖြစ်သည့် အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံသောဆန်းဆေးရည်ကဲ့သို့ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ခံတွင်း၊လျှာ၊နှုတ်ခမ်းများရေဓာတ်ခမ်းခြောက်ခြင်းတို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံသွားရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

 

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလူနာ ရှိသည့်နေအိမ်တွင် အိမ်သာနှင့် ရေချိုးခန်းများကိုသန့်ရှင်းစွာထားရန်လိုအပ်ပြီး မကြာခဏလက်ဆေးရန်၊ အစားမစားမိလက်ဆေးရန်လိုအပ်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောကြားသည်။

 

ထို့ပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရန် အစားမစားမီနှင့်ပြင်ဆင်ချိန်လက်ဆေးရန်၊ အမှိုက်ကိုင်တွယ်ပြီးလက်ဆေးရန်၊ အိမ်သာမှအထွက်လက်ဆေးရန်၊ တစ်ကိုယ်ရေးသန့်ရှင်းမှုရှိရန်၊ ရေကိုကျိုချက်သောက်ရန်၊ ယင်နာစားများမစားရန်နှင့် အစာများကိုဖုံးအုပ်ထားရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ရန်ကုန်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် လူသေဆုံးသည့်အထိဖြစ်ပွားရာ လမ်းဘေးဈေးဆိုင်များပိတ်ထားရပြီး outbreak ပုံစံဖြစ်ပွားခဲ့သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်