ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) ၏ အစီရင်ခံစာအရ သိရသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် ဇန်နဝါရီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီကာလတွင် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်လာခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများမှာ ယနေ့အထိ လျော့နည်းသွားခြင်းမရှိကြောင်း အစီရင်ခံစာအရသိရသည်။

IIMM ၏၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ဇွန် ၃၀ ရက်အထိ အစီရင်ခံစာအရ စစ်အုပ်စု၏ အရပ်သား နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကိုတွေ့ရပြီး ပါရာမော်တာနှင့် ဒရုန်းများကို ပိုမိုသုံးလာသည့်အတွက် အရပ်သားများမှာ ပုန်းခိုရန် အခွင့်အလမ်းများ လျော့နည်းလာကြောင်းလည်း ဖော်ပြထားသည်။
“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်” ဟု IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားသည်။
ထို့ပြင် စစ်တပ်၏ထိန်းသိမ်းရေးစခန်းများတွင် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အထောက်အထားများကိုလည်း စစ်ဆေးထားပြီး IIMM အနေဖြင့် စစ်တပ်အာဏာသိမ်းစမှနေ၍ အကြမ်းဖက်မှုဖြစ်စဉ်များအတွက် သက်သေပေါင်း ၂၈ သန်းကျော်ကို စုဆောင်းသိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။

IIMM က စုဆောင်းထားသည့် သက်သေအထောက်အထားများမှာ စစ်တပ်နှင့် ၌၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များ ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ကြပြီး စစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်သည်ဟု စွပ်စွဲထားသည့်ဖြစ်စဉ်များကိုပါ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ယခုစုံစမ်းစစ်ဆေးမှုများသည် သက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်များ၊ ရင်းမြစ် ၁၆၀၀ ကျော်မှ ရရှိသည့်အချက်အလက်များနှင့် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ မြေပုံ၊ ဂြိုဟ်တုပုံရိပ်များနှင့် မှုခင်းဆေးပညာ အထောက်အထားများကိုလည်း အခြေခံထားကြောင်း သိရသည်။
စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများတွင် လေတပ်အချင်းချင်းကြား သက်ဆိုင်ရာနေရာဒေသခွဲ၍ ဗုံးကြဲမှုများပြုလုပ်ကြကြောင်းကိုလည်း IIMM က အထောက်အထားများဖြင့်တွေ့ရှိထားပြီး အရပ်သားများထိခိုက်စေရန် တမင်ရည်ရွယ်ကာ ပါရာမော်တာများကို အသံတိတ်အသုံးပြု၍ ဗုံးကြဲချခြင်းကိုပြုလုပ်သည့်အထောက်ထားများလည်းတွေ့ရှိးကြောငး IIMM ကဆိုထားသည်။
ထို့ပြင် IIMM အနေဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများကို နေ့စဉ်စုဆောင်းနေပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေး၊ တရားစွဲဆိုရေးနိုင်ရေးအတွက် တရားစီရင်ရေးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်