‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၂ရက်

‎ကချင်ပြည်နယ်၊ ဗန်းမော်မြို့စစ်ရေးနယ်မြေအတွင်းတွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်း အသုံး ပြု၍ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် တပ်သားသစ်များ အဆက်မပြတ် အင်အားဖြည့်တင်းလျက်ရှိပြီး တစ်ကျော့ပြန် မြို့တွင်းထိတွေ့တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများ၏ ပြောပြချက်အရ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ‎ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့က ဗန်းမော်မြို့နယ်အတွင်းသို့ လေကြောင်း မှတစ်ဆင့် ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းအချို့ကို လေထီးများဖြင့် ချပေးခဲ့သည့်အပြင် အင်အား အချို့ကိုပါ လေကြောင်းမှတစ်ဆင့် ဖြည့်တင်းပေးခဲ့သည်။

‎”ရိက္ခာနည်းနည်းပို့ပေးပြီးရင် စစ်ကြောင်း ထွက်ခိုင်းတတ်တော့ မြို့တွင်း တိုက်ပွဲထပ်ဖြစ်လာ နိုင်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဗန်းမော်မြို့သည် စစ်တပ်၏ စစ်ရေးဗျူဟာအရ လွန်စွာအရေးပါသော စခန်းတည်နေရာတစ်ခုဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အတွက် ဂုဏ်သိက္ခာအရ အရေးပါသော တိုက်ပွဲဖြစ်၍ နှစ်ဖက် အင်အားဖြည့်တင်းမှုများရှိသည်။

‎ရွေးတုအစိုးရ စစ်တပ်၏ ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းရန် အစီအစဉ်မှာလည်း အခက် အခဲရှိနေသည့်အတွက် အဓိကအားဖြင့် လေကြောင်းလိုင်းကိုသာ အားပြု၍ စစ်ရေးအရှိန် ပြန်လည် စတင်နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ငါးအိုး- ရွှေကူမှ စင်ခန်းအထိ စစ်ကြောင်းထိုးရန်တက်လာသည့် အင်အား ၇၀၀ ပါစစ်ကြောင်းမှာလည်း ဗန်းမော် စင်ခန်းကိုရောက်မလာသေးဘဲ လမ်းပိုင်းတွင် ရပ်တန့်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေများအရ စစ်တပ်၏ ထိုသို့ အင်အားဖြည့်တင်းမှုများနှင့် စစ်ရေးပြင်ဆင်မှုများကြောင့် ဗန်းမော်မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ မကြာမီကာလအတွင်း ပြန်လည်စတင်ပြီး ယခင်ထက် ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များကဆိုသည်။

ဓာတ်ပုံ-လူမှုကွန်ရက်