ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသော တိုင်းနှင့် ပြည်နယ်တို့တွင် လာမည့် လေးရက်အတွင်း ဆက်လက်မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်မှုသတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီး ဌာန(မိုး/ဇလ) က ယနေ့ ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ ဘင်္ဂလား ပင်လယ် အော်အနောက်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် တိုင်းနှင့် ပြည်နယ်တွင် ဩဂုတ် ၁၂ မှ ၁၅ ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၁၂ မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္ဿာရီတိုင်း၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည် ဖြစ်သည်။ထို့အတူ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီ ( ကယား) ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် မိုးတိမ်ထောင်ဖြစ်ထွန်းမှုအားကောင်းနေသောကြောင့် မိုးသည်းထန်စွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကာ ကုန်းမြင့်ဒေသနှင့် မြစ်ငယ်၊ ချောင်းငယ်အနီးနေထိုင်သူများသတိထားရန်လိုအပ်ကြောင်း မိုး/ဇလ က သတိပေးထားသည်။
မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေးပြင်းများကျ ရောက်ပြီး လှိုင်းကြီးမည်ဖြစ်၍ ရေပြင်/မြေပြင်လေသည် တစ်နာရီ ၃၅ မိုင်အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်အထိရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – မိုး/ ဇလ၊ MFS ၊ ဧရာဝတီတိုင်းမ်