ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် AAနှင့် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခု ဩဂုတ် ဒုတိယပတ်အတွင်း သာပေါင်းမြို့နယ် နောက်ကျော သဲဖြူ၊ ရေကြည်၊ ကမ္ဘားကြီးအနောက်ကျော ကြောင်လျှာဘက်နှင့် ရွာသစ်ကလေး၏ အနောက်ဘက်တို့အပြင် ချက်ပွိုင့်နှင့် သုံးတန်ကူး အစရှိသည့် နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး အဆုံးအဖြတ် မပေါ်သေးဘဲ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
”တိုက်ပွဲတွေဆက်ရှိနေတယ်။ စစ်တပ်ဘက်က လူနာတွေလည်း ဒီဘက် ပြန်ပို့နေတုန်းပဲ။ အဆုံးအဖြတ်တော့ မပေါ်သေးဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဩဂုတ်လများအတွင်း AA က စစ်တပ်၏ ပွိုင့်စခန်းကုန်းများနှင့် ကာကင်းစခန်းများကို သိမ်းယူခဲ့ပြီး ရေကြည်မြို့နယ် ရုံးပင်ကျေးရွာနှင့် သာပေါင်းမြို့နယ် သာပေါင်းလေးကျေးရွာတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ စစ်တပ် တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကာ AA ဘက်မှ စစ်တပ် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုနှင့် ဒဏ်ရာရရှိသူ များပြားခဲ့သဖြင့် စစ်ဆေးရုံများသို့ လူနာများ ဆက်တိုက် ထုတ်ယူပို့ဆောင်နေရကြောင်း သိရသည်။
စစ်တပ်ဘက်မှ စခန်း၂ခုခန့် ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြု၍မရသေးဘဲ မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ရွေးတုအစိုးရ စစ်တပ်သည် ယခုအခါ သာပေါင်းနှင့် ရေကြည်မှတဆင့် ရခိုင်ပြည်နယ် ဂွမြို့နယ်အစပ်သို့ စစ်အင်အား ဖြန့်ကျက်နိုင်ရန်အတွက် အင်အား ၅၀၀ မှ ၇၀၀ အထိ ပေးပို့ဖြည့်တင်းကာ စစ်ဆင်ရေး ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။