ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်း အပါအဝင် လွဲမှားသော စီးပွားရေး မူဝါဒများကြောင့် အထွေထွေ ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေပြီး ပြည်သူများ စားဝတ်နေရေး အကျပ်ရိုက်နေချိန်သော်လည်း ရွေးတုသမ္မတကမူ ကလေးအရွယ်မှစ၍ ဘဝတစ်သက်တာအထိ အစာအမျိုးအမည် ငါးမျိုးပါအောင် စုံလင်စွာ စားသောက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) တို့၏ နောက်ဆုံးထုတ် အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ရရှိသည့် လစာနှင့် ကုန်ဈေးနှုန်း မမျှတခြင်းတို့ကြောင့် ပြည်သူများမှာ အာဟာရပြည့်ဝစွာ စားသုံးနိုင်ခြင်းမရှိသည့် အခြေအနေတွင် ရွေးတုသမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကုန်ဈေးနှုန်းလည်း ကြည့်ပါဦး။ ကြက်ဥတစ်လုံး ရာဂဏန်းကနေ ၇၀၀ ဖြစ်နေပြီ။ ဟင်းသီးဟင်းရွက် တစ်စီး အနည်းဆုံး ၁,၀၀၀၊ ပန်းသီးတစ်လုံး ၅,၀၀၀၊ ကြက်သား တစ်ဆယ်သား ၃,၅၀၀၊ ငါး တစ်ဆယ်သား ၄,၀၀၀ နဲ့ ဘယ်လိုလုပ် စားရမလဲ။ နွားနို့တစ်ခွက် ၂,၅၀၀ ဆိုတာတောင် ရေရောထားလို့ ဘာအရသာမှ မရှိဘူး။ အာဟာရပြည့်အောင် စားဖို့ ပိုက်ဆံ ဘယ်မှာလဲ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မိသားစု သုံးဦးစာအတွက် တစ်လလျှင် ဝင်ငွေ ကျပ် ၁၀ သိန်းခန့် ရရှိလျှင်ပင် စားသောက်စရိတ် မဖူလှုံသည့်အပြင် အထွေထွေ လူသုံးကုန်ပစ္စည်းများပါ ဈေးနှုန်း ခေါင်ခိုက်နေသဖြင့် အာဟာရပြည့်ဝရေးထက် ဝမ်းဝရေးကိုသာ ဦးစားပေးနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ရွေးတုအစိုးရ စီမံချက်ဖြင့် ကျောင်းများတွင် KG ကျောင်းသားများအတွက် အာဟာရ ကျွေးမွေးသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ရှိ အချို့ကျောင်းများတွင် ကျောင်းသား မိဘများကပင် နွားနို့၊ ကြက်ဥနှင့် ပေါင်မုန့်များကို ပြန်လည် ထည့်ပေးနေရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အရွယ်မတိုင်မီ သေဆုံးမှုကို လျှော့ချရန်နှင့် မျှော်မှန်းသက်တမ်း တိုးမြင့်လာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံ၊ အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အကျင့်ကောင်းများ လိုအပ်ကြောင်းနှင့် ယခုနှစ် ဘတ်ဂျက်တွင် ကျောင်းတွင်းအာဟာရအတွက် ကျပ် ၂ ဒသမ ၈၂ ဘီလီယံ ပထမအကြိမ် ခွဲဝေချထားပေးသည်ဟု ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် ရွေးတုသမ္မတ က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း ကျောင်းသားကျောင်းသူ ၂၃ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် လျော့နည်းနေပြီး ဆယ်ကျော်သက် ကျောင်းသားများအတွင်း အီး-စီးကရက် (Vape) သုံးစွဲခြင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါး စမ်းသပ်သုံးစွဲမှုများ တိုးပွားလာနေကြောင်း ရွေးတုအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဓာတ်ပုံ – MOI , ဧရာဝတီတိုင်းမ်