ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊သြဂုတ် ၁၁ ရက်

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခူမီး အမျိုးသမီးငယ် နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်ရှိ မြို့အဝင် ဆိုင်းဘုတ် အနီးသို့ ရွေးတုအစိုးရစစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးက ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနက်အစောကြီး မြို့အဝင် ဆိုင်းဘုတ်အနီး ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီးနှစ်လုံး ကြဲသွားပါတယ်။ အသံက အကျယ်ကြီးပဲ။ မြေကြီးတွေပါ တုန်သွားတယ်”ဟု ရိက္ခာရပ်ကွက်နေ ခူမီးအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့အဝင်အနီးရှိ ဦးသောကြာ၏ နေအိမ်မှာ ဗုံးစများ ထိမှန်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မထွေးစိန်နှင့် ရေတံခွန်ရွာမှ အသက် ၁၃ နှစ်အရွယ် မသန္တာထိုက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

 

“ဗုံးထိမှန်တဲ့ အိမ်က အနည်းငယ် ပျက်စီးသွားတယ်။ အိမ်ရှင်ရဲ့ သမီးနဲ့ ရွာဘက်က ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ယောက် စုစုပေါင်း နှစ်ယောက် ဒဏ်ရာရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

 

ရွေးတုအစိုးရစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်နှင့် ကားလမ်းများပါ ပျက်စီးသွားခဲ့ရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခူမီးတိုင်းရင်းသား ခုနစ် ဦး သေဆုံးကာ လေး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

 

ပုံစာ-ဒဏ်ရာရရှိသူ ခူမီး အမျိုးသမီး ၂ ဦး၊