ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နှင့် ၉ ရက်နေ့တို့တွင် ရွေးတုအစိုးရလက်အောက်ခံစစ်တပ်မှ တပ်သားသစ်လေးဦးက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရလက်အောက်ခံ ခလရ-၆၀ တပ်ရင်းမှ တပ်သားမျိုးမင်းဦး၊ ခမရ-၅၉၆ တပ်ရင်းမှ တပ်သားမိုးအေး၊ တပ်သားမင်းခန့် နှင့် တပ်သားရဲမင်းအောင်တို့မှ KNLA တပ်ရင်း-၉ ထံ လက်နက်ချအလင်းဝင်ခဲ့ခြင်း ဖြစ်သည်။
“စစ်မှုထမ်းဖမ်းပို့ပြီး သင်တန်းဆင်း ရှေ့တန်းရောက်လာတဲ့ ပစ(ပြည်သူ့စစ်)တွေ မကြာမကြာထွက်ပြေးတာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ချအလင်းဝင်လာသည့် တပ်သားများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မတပ်သားစုဆောင်းခံထားရသူများဖြစ်ပြီး တပ်သားမျိုးမင်းဦးမှ ၎င်းနှင့်အတူ MA-4 တစ်လက်၊ ၄၀-မမ ကျည် ၁၁ လုံး၊ ကျည်ဘောက် သုံး ခု၊ ၅.၅၆ ကျည် ၃၀၃ တောင့်တို့ ယူဆောင်လာခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် စစ်တပ်အတွင်း အဓမ္မစစ်မှုထမ်းစေခိုင်းခံနေရသည့် တပ်သားများ၊ တပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ် နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံကြရန် KNU ကတိုက်တွန်းထားသည်။
လယ်ဒိုမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ဒုတိယအပါတ်အတွင်းကလည်းကော့သောင်းနှင့်ပေါက်ခေါင်းအခြေစိုက်တပ်ရင်းများမှနေ၍ ရှေ့တန်းသို့တာဝန်ကျသည့် စစ်မှုထမ်း တပ်သားသစ် ၁၆ ဦးမှာ KNDO တပ်ရင်း-၃ ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်းလည်း KNUထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – KNU