‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၁ရက်

မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန် စစ်မျက်နှာတွင် ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်း ထိုး လှုပ်ရှားမှုများနှင့် အင်အားဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်နေပြီး မြေပြင်စစ်ကြောင်းများ တက်နိုင်ရေးအတွက် လေကြောင်းပစ်ကူကိုသာ အဓိက အားထားနေရကြောင်း သိရသည်။

စစ်တပ်သည် နတ်ရေကန်လမ်းကြောင်းကို စိုးမိုးနိုင်ရေး စစ်ဆင်ရေး ပြုလုပ်ရန် ပြင်ဆင်လျက်ရှိရာ နတ်ရေကန် ကမ္ဘာလုံးဗျူဟာစခန်းကုန်း လမ်းဟောင်းဘက်မှ မဟုတ်ဘဲ လမ်းသစ်ဂုတ်ကြီးဘက်မှနေ၍ စစ်ကြောင်းများ တပ်ဖြန့်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် နတ်ရေကန် ဒေသအတွင်း၌ ရွေးတုအစိုးရစစ်တပ်ဘက်မှ တိုက်ခိုက်ရေး တပ်မ နှစ်ခုအပြင် မင်းတုန်းနယ်မြေအတွင်း၌ပါ အင်အား ၁,၀၀၀ ဝန်းကျင်ခန့် တပ်ဖြန့်ထားကြောင်း သိရသည်။

ထို့ပြင် ယခု ထပ်မံပြုလုပ်သည့် စစ်ဆင်ရေးသည် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှ တပ်သားအသစ်များကို စမ်းသပ်သည့်အနေဖြင့် တိုးမြှင့် စစ်ကြောင်းထိုးခြင်းမျှသာ ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

‎”ယင်းစစ်ကြောင်းများသည် စစ်ကြောင်းလိုက် တစ်ကြိမ်မျှ ပြုတ်သွားသည်နှင့်တစ်ပြိုင်နက် အရှုံးမလှ ပျက်စီးကာ ခံစစ်စခန်း အနေအထားသို့ ပြန်လည် ရောက်ရှိသွားလိမ့်မည်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။

‎ဆုံကုန်းအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅)မှနေ၍ ရိက္ခာ၊ ခဲယမ်းနှင့် ယာဉ်တန်း များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် ပို့ဆောင်ပေးနေကြောင်း သိရသည်။

နတ်ရေကန် စစ်မျက်နှာ၌ စကခ-၁၇ နှင့် စကခ-၁၀ တို့ဖြင့် မြေပြင်တပ်များ တပ်ဖြန့်ထားသော်လည်း လေ ကြောင်း အစောင့်အရှောက်ကိုသာ အဓိက မှီခိုနေရသဖြင့် ရွေးတုအစိုးရစစ်တပ်သည် လေကြောင်းမှ နေ၍ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကင်းထောက်ခြင်းများကို အဆက်မပြတ် ပြုလုပ်ပေး နေရသည်။

ပုံစာ-ရွေးတုအစိုးရ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)