ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အပါအဝင် ဒေသအသီးသီးတွင် ရေကြီး ရေလျှံမှု ကြောင့် ပြည်သူများ အသက်အိုးအိမ် ဒုက္ခရောက်နေချိန်၌ ကယ်ဆယ်ရေးလုပ်ငန်းများကို လျစ်လျူ ရှုထားသည့် ရွေးတုအစိုးရသည် သန်လျင် ရေနံချက်စက်ရုံအတွင်း ရေလှောင်ကန် တာဘောင်ပေါက် မှုကိုမူ အင်အားအလုံးအရင်း သုံး၍ ညတွင်းချင်း အရေးတကြီး သွားရောက် ပြုပြင်ခဲ့ကြောင်း သိရသည်။
ပြန်လည်လည်ပတ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ကြည့်ရှုစစ်ဆေးထားသည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံအတွင်းရှိ ၃ ဧကခန့်သာ ကျယ်ဝန်းသော စက်ကန် (ရေလှောင်ကန်) တာဘောင်သည် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက် ညနေပိုင်းက ၄ ပေခန့် ပေါက်ထွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေလှောင်ကန် ပေါက်ထွက်မှုကြောင့် အနီးရှိ ရေနံရပ်ကွက်နေ ပြည်သူများ၏ အိမ်များအတွင်း ရေဝင်ရောက်မှု မရှိသည့်အပြင် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့သော်လည်း ရန်ကုန်တိုင်း ရွေးတုအစိုးရ ခန့် ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့ဝင်များ ကိုယ်တိုင် ရောက်ရှိလာသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်သားများ၊ ရဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို အင်အားသုံး စေခိုင်းကာ သဲအိတ်များ၊ သစ်သားတိုင်များ၊ စက်ယန္တရားများဖြင့် ညတွင်းချင်း အပြိုင်အဆိုင် ပြုပြင် ခိုင်းခဲ့ရုံမျှမက ပါဝင်ဆောင်ရွက်သူများကိုလည်း ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

“စစ်ကိုင်းနဲ့ လေးမျက်နှာဘက်မှာ ရွာတွေပါ ရေမြုပ်ပြီး ပြည်သူတွေ သောက်ရေနဲ့ စားစရာမရှိဘဲ အကူအညီမဲ့နေတာကိုတော့ လျစ်လျူရှုထားတယ်။ အခု စက်ရုံထဲက ရေ လေး ပေလောက် ထွက်တာကျ တော့ ဝန်ကြီးချုပ်ကအစ စစ်တပ်နဲ့ ရဲအင်အားသုံးပြီး ညတွင်းချင်း ဆင်းလုပ်ပေးတာဟာ ပြည်သူ့အသက် ထက် သူတို့ရဲ့ စီမံကိန်းနဲ့ ပုံရိပ်ကိုပဲ အဓိကထားတယ်ဆိုတာ ပေါ်လွင်နေတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဝေဖန်ပြောသည်။
အဆိုပါ သန်လျင် ရေနံချက်စက်ရုံသည် ၂၀၁၇ ခုနှစ်မှစ၍ လည်ပတ်မှု ရပ်နားထားခဲ့ခြင်းဖြစ်သော်လည်း ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် စက်ရုံသို့ သွားရောက်စစ်ဆေးကာ စက်သုံးဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီများ ပြန်လည်ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညွှန်ကြားထားသည့် စက်ရုံတစ်ရုံ ဖြစ်သည်။
လက်ရှိတွင် ဒေသအများအပြား၌ ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးကာ အရေးပေါ် အကူအညီများ လိုအပ်နေသော်လည်း ရွေးတုအစိုးရသည် ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေး လုပ်ဆောင်ချက်များကို ထိရောက်စွာ လုပ်ဆောင်ခြင်းမရှိပေ။
ဓာတ်ပုံ-ရွေးတုအစိုးရ၊