ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အာရက္ခတပ်တော် (AA) က အလုံးအရင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ရွေးတုအစိုးရစစ်တပ်သည် မြို့ပတ်ဝန်းကျင်နှင့် မြို့ဝင်ပေါက် များတွင် ခံစစ်စခန်းများ တိုးချဲ့တည်ဆောက်ကာ ကုန်းလမ်း၊ ရေလမ်းများ၌ လုံခြုံရေး တင်းကျပ် လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်တွေမြို့တွင်းနှင့် မြို့အဝင်အထွက် အဓိကကျသည့် ဆတ်ရိုးကျချောင်း အနီး၊ ကုန်းမြင့်ပိုင်းများ၊ တံတားအနီးရှိ အဆောက်အအုံများတွင် စစ်စခန်းများ တိုးချဲ့ချထားလျက် ရှိသည်။
“AA က တပ်အားအလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်ပြီး စစ်ရေးပြင်နေတာ။ ဆတ်ရိုးကျဘက်မှာ ရေတပ်စခန်းပုံစံ နေရာယူနေတာလည်း ဟုတ်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဆတ်ရိုးကျတံတားအောက်၌ ရေတပ်စခန်းအသစ်တစ်ခုကို တည်ဆောက်နေပြီး လက်နက် ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်တွေမြို့ ဆတ်ရိုးကျတံတားသစ်၊ ဆတ်ရိုးကျ (ကယ်ဆယ်ရေး) တံတားနှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်များ၊ စစ်တွေကမ်းခြေအနီးရှိ နေအိမ်များနှင့် မေယုလမ်းရှိ အဆောက်အအုံကြီး များတွင်ပါ ဘန်ကာများနှင့် သဲအိတ်ကင်းစခန်းများ ဆောက်လုပ်ကာ တပ်စွဲထားသည်။
လက်ရှိတွင် ကုလားတန်မြစ်နှင့် စစ်တွေကမ်းလွန် ပင်လယ်ပြင်တို့၌ စစ်ရေယာဉ်များ တပ်စွဲထားသည့် အပြင် ဆတ်ရိုးကျချောင်း အဝင်အထွက် ရေလမ်းနှင့် ကုန်းလမ်းများတွင် သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။
စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်းသည် AA ၏ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် လက်နက် ကြီး ပစ်ခတ်မှုများနှင့် နီးကပ်နေသည့်အတွက် စစ်သင်္ဘောအချို့ကို ကုလားတန်မြစ်ဝဘက်သို့ ရွှေ့ပြောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ရွှေမင်းဂံရေတပ်စခန်း အပါအဝင် မြို့ပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းများ ဆက်တိုက် တိုက်ခိုက်ခံနေရမှုကြောင့် ခံစစ်အတွက် စစ်တွေမြို့အနှံ့တွင် ခံစစ်အဆောက်အအုံများနှင့် ဘန်ကာများကို ယခု ဩဂုတ်လဆန်းပိုင်းမှစ၍ ပိုမိုတိုးချဲ့ ပြင်ဆင်နေခြင်း ဖြစ်သည်။
ပုံစာ-AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)