ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

 

ရွေးတုအစိုးရစစ်တပ်မှ အရပ်ဝတ် ပြောင်းလဲထားသော ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် ဂျပန် အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင် ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟေးဆာဆာကာဝါတို့ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

 

နေပြည်တော်တွင် ယမန်နေ့ ဩဂုတ် ၁၀ ရက်က ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရေး၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံ အဆောက်အအုံ သင်ကြားရေးဆိုင်ရာများကို နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးတုအစိုးရ ထံမှ သိရသည်။

မစ္စတာ ဆာဆာကာဝါ၏ ယခုခရီးစဉ်သည် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ငါးကြိမ်ထက်မနည်းလာရောက်ခဲ့သည့် ခရီးစဉ် ဖြစ်သည်။

 

မစ္စတာ ဆာဆာကာဝါသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရကြား ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ရခိုင်ပြည်နယ်အတွင်း ရွေးတု အစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အကြား ယာယီအပစ်ရပ်စဲရေး ရရှိရေးအတွက်လည်း ကြားဝင်စေ့စပ်ပေးခဲ့သူဖြစ်သည်။

 

ဆာဆာကာဝါက ရွေးတုအစိုးရနှင့် ဆက်ဆံရေးမှာ နိုင်ငံရေးအရ ထောက်ခံမှု မဟုတ်ဘဲ ရေဘေး၊ ငလျင်ဘေးနှင့် ရခိုင်စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် သာဖြစ်ကြောင်း လက်တွေ့ချဉ်းကပ်ပြကာ လုပ်ဆောင်လေ့ရှိသည်။

 

သို့သော် ရွေးတုအစိုးရ၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်များကို ထောက်ခံပြောဆို ပေးမှုများကြောင့် ရွေးတုအစိုးရကို သံတမန်ရေးအရ အကာအကွယ်ပေးနေသူအဖြစ် နိုင်ငံရေးအကဲ ခတ်များက ထောက်ပြထားသည်။

ဓာတ်ပုံ – MOI