ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
အာဏာသိမ်း ရွေးတုအစိုးရအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လုပ်ငန်းအား ပြည်သူလူထု လက်မခံ နိုင်သည်ကို ပြန်လည်သုံးသပ်ရန်၊ လိုအပ်သောကိစ္စရပ်များ အချိန်မနှောင်းခင် ပြုပြင်ရန်နှင့် ပြည်သူ အပေါ် ပစ်မှတ်ထား အကာအကွယ်ယူခြင်းများကို ရှောင်ရှားရန် ယမန်နေ့ ဩဂုတ် ၁၀ ရက်၌ ကျရောက်သော ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာသည့် ပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန်၊ လူသားတိုင်း၏ အသက်အား တန်ဖိုးထားရန်နှင့် စစ်မြေပြင်တိုက်ပွဲများတွင် ထားရှိရမည့်ကျင့်ဝတ် တို့ကိုလည်း လိုက်နာဆောင်ရွက်ရန် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေတဲ့အချိန်မှာ စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည် နိုင်စေဖို့ ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူတွေအားလုံး ယနေ့အချိန်မှစလို့ ရပ်တန့်ပြီး အမှန်တရား ဖက်မှာ ရပ် တည်ကြရမှာ ဖြစ်ပါတယ်” ဟု KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းတွင် ဆက်လက်သတိပေး ပြောကြားသည်။
ယင်းအပြင် အာဇာနည် သူရဲကောင်းတို့နှင့် ကျန်ရစ်သူ မိသားစုများ၏ ဆုတောင်းသံများကြောင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့်အချိန်ကာလ သင်တို့အပေါ် ရောက်ရှိလာလိမ့်မည်ဟု လည်း ၎င်း က ပြောဆိုခဲ့သည်။
အဆိုပါ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့မှ တာဝန်ရှိသူများလည်း တက်ရောက်၍ ကချင်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
NUG၊ CRPH အပါအဝင် ERO’s ဖြင့် ဖွဲ့စည်းထားသည့် SCEF ၌ ပါဝင်မှုကိုလည်း KIO/KIA ဥက္ကဋ္ဌက ထည့်သွင်းဆို၍ တိုင်းရင်းသားများအားလုံး မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း SCEF က ထုတ်ပြန်ထားသည်။
တော်လှန်ရေးကို အရှိန်အဟုန်မြှင့်၍ အမြန်ဆုံးအောင်ပွဲ ရယူနိုင်ရန်အပါအဝင် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဦးဆောင်လမ်းညွှန် အကောင် အထည် ဖော်ဆောင်နိုင်ရေး ယခုနှစ် မတ် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သော SCEF သည် တော်လှန်ရေး အင်အားစု အများအပြားဖြင့် တွေ့ဆုံ ဆွေးနွေးထားသည်။