ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်း ဆပ်ပြာခွက်များဖြင့် လျှို့ဝှက်ထည့်သွင်း သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံခန့်တန် ဘိန်းဖြူ ၅၉ ကီလိုကျော်ကို အမျိုးသမီးနှစ်ဦး၊ ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းအရ ပူးပေါင်းအဖွဲ့က ချမ်းမြ သာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇ (F) လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း မကြည်ကြည်အေး (ခ) မကြည်အေး (ခ) အမိုး နှင့် မနန်းမြရင် (ခ) အေးငြိမ်း တို့နှစ်ဦးကို မူးယစ်ဆေးဝါးများ ဖုံးကွယ်သယ်ဆောင်ထားသည့် ရောင်စုံပလတ်စတစ် ဆပ်ပြာခွက် ၆,၆၀၀ ခွက် (ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလိုဂရမ်)၊ HIJET မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ မန္တလေးတွင် လက်ဝယ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို ချမ်းမြသာစည်မြို့နယ်၊ ၆၁ (ဘီ) လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် ကျောက်မဲမြို့နေ စိုင်းနော်ခမ်း (ဖမ်းဆီးရန်ကျန်) က လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းမြောက်ဒေသ လားရှိုးမြို့မှ မန္တလေးသို့ ပို့ဆောင်ရောင်း ချပေးသူမှာ လားရှိုးမြို့နယ်နေ အန်ဇန် (ဖမ်းဆီးရန်ကျန်) ဆိုသူ ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများနှင့် ထွက်ပြေးလွတ်မြောက်နေသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူထားပြီး မူးယစ်ဆေးဝါးမှ ရရှိထားသည့် ငွေကြေးအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ရွေးတုအစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့