ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို ယနေ့ ဩဂုတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်တွင် ရွေးတုအစိုးရ စစ်တပ်က တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့နှင့် ကျိန္တလီမြို့အကြား တည်ရှိပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ကျောက်ကြီးကျေးရွာနှင့် ကျောက်ကြီးဆေးရုံ အနီးဝန်းကျင်တို့ကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ပထမအကြိမ် ဗုံးကြဲခဲ့ပြီးနောက် ထပ်မံ၍လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
”မိသားစုလိုက်သေတာတွေပါရှိတယ်လို့သိရတယ်။ အလောင်းရှာမရတာတွေလည်းရှိနေတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာတွင် ကိုး ဦး သေဆုံးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သုံး ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိသွားပြီဖြစ်ပြီး ထိခိုက်သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။
ကျောက်ကြီးကျေးရွာသည် ဆေးရုံရှိသော တိုက်နယ်အဆင့် ကျေးရွာတစ်ရွာဖြစ်ပြီး ယခုတိုက်ခိုက်မှုတွင် ဆေးရုံနှင့် အနီးဝန်းကျင်နေရာများ အဓိက ထိမှန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီ ၃၀မိနစ် ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော ၉ ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီး အဆောက်အအုံ ၂ဝ ခန့် ပျက်စီးကာ ကျပ်သိန်း ၃,၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ဗုံးကြဲခံရသည့် ကျောက်ကြီးကျေးရွာ