ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဩဂုတ် ၁၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ် (ဟားခါး) တပ်ဖွဲ့ဝင်များအဖြစ် အမည်ခံကာ အကြမ်းကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း CDF (ဟားခါး) က ယနေ့တွင် ထုတ်ပြန်ထားသည်။

CNA နှင့် CDF တပ်ဖွဲ့ဝင်များအဖြစ် အမည်ခံလူအချို့သည် ယခုရက်ပိုင်း ဟားခါးမြို့တွင်း သေနတ်နှင့် ဗုံးအတုများ ကိုင်ဆောင်၍ ခိုးဆိုးလုယက်မှုနှင့်အကြမ်းမှုများ ကျူးလွန်နေကြောင်း သိရသည်။

ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်၍ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသူများဖြစ်သောကြောင့် ဟားခါးမြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်‌
နေကြောင်း သိရသည်။

“လက်နက်တွေ၊ ဗုံးတွေ ကိုင်ဆောင်ပြီး ရပ်ကွက်ထဲ သွားလာလုပ်ကြတာ အရင်ကတည်းကပါ။ အဲဒါကြောင့်လည်း စစ်တပ်ဘက်က စစ်ဆေးတင်းကျပ်တာတွေရှိတယ်။ အခုနောက်ပိုင်းမှာ တော်လှန်ရေးသမားတွေ ယောင်ယောင် ဗုံးတွေ၊ လက်နက်တွေကိုင်ပြီး ညဘက် လူမရှိတဲ့ အိမ်တွေမှာ ခိုးဆိုးလုယက်တာရှိလာတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် အဆိုပါ ပြစ်မှုကျူးလွန်နေသူများကို သတ်မှတ်စည်းမျဉ်းများနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း CDF (ဟားခါး) အနေဖြင့် ဖမ်းဆီးရမိနိုင်ရေး လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိလာသူများအနက် CNA တပ်ဖွဲ့ဝင်အဖြစ် အမည်ခံထားသူများကို CNA ထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး၊ CDF တပ်ဖွဲ့ဝင်အဖြစ် အမည်ခံသူများကို CDF (ဟားခါး) ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဟားခါးမြို့ကို လူဆိုးလူရမ်းကားများ စုဝေးရာနေရာမဖြစ်စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် သတင်းအချက်အလက်‌ပေးခြင်းဖြင့် ပူးပေါင်းကူညီကြရန် CDF-Hakha က တောင်းဆိုထားသည်။