ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျိုးခါနီးဖြစ်နေသည့် ဆည် မြောင်းမူးဘောင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တိုက်နယ်နှင့် ရပ်ကျေး ပကဖတို့ ပူးပေါင်း၍ စက်ယန္တရားကြီးများဖြင့် မြေဖို့ပြုပြင်ပေးလျက် ရှိသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် သဖန်းဆိပ်ဆည် ရေပိုလွှဲများမှ ရေလွှတ်ချခဲ့ရမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းမူးဘောင်များ ကျိုး ပေါက်မှု မရှိစေရန် ပကဖ အဖွဲ့များက အရေးပေါ် ဝင်ရောက်ပြုပြင်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ချက်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ တာဝန် လေး ရပ်အနက် တိုက်ခိုက်ရေးတာဝန်များအပြင် ပြည်သူလူထုအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များနှင့်အညီ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်ဆိပ်ဆည်ရေလွှတ်ချလို့ မြင်းမူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့က ကျေးရွာပေါင်း ၁၄ ရွာက ရေဘေးသင့် နေကြောင်း မြင်းမူမြို့နယ် ပကဖ ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ် အထက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာ မတ်လအတွင်းက စစ်ကြောင်းထိုး သိမ်းပိုက်ထားသည့် သဖန်းဆိပ်ဆည်၌ တပ်စွဲထားသော စစ်တပ်က ဩဂုတ်လ ၆ ရက်နေ့တွင် ရေထိန်းတံခါးနှင့် ရေပိုလွှဲမှ ရေများကို ရုတ်တရက် လွှတ်ချခဲ့ခြင်း ဖြစ်သည်။