ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

 

အမေရိကန်ပြည်ထောင်စု၊ Bay Area တွင် The Distance Cafe မှ ဦးစီး၍ မြန်မာ့ဇာတ်သဘင်လောက ၏ ဝါရင့်ဇာတ်မင်းသားကြီး မိုးမင်းနှင့် အနုပညာရှင်များစွာ ပါဝင်သည့် အဝေးရောက် နတ်မင်းများ ဂီတနှင့် သရော်ပြဇာတ် ဖျော်ဖြေပွဲကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Hayward မြို့ရှိ HUSD (Performing Arts Center), 2390 Panama St တွင် စက်တင်ဘာ ၁၂ ရက် ည နေ ၅ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း The Distant Cafe နှင့် မင်းသားကြီးမိုးမင်းတို့က ၎င်းတို့၏ လူမှုကွန်ရက်တွင် ကြေညာထားသည်။

အဆိုပါပွဲတွင် ဝါရင့်ဇာတ်မင်းသားကြီး မိုးမင်း အပါ အဝင် Rap အဆိုတော်ရန်ရန်ချမ်း၊ Cobra၊ လင်းထက်၊ DJ ဝိုင်း၊ ကျော်သီဟ၊ Leo၊ Russell၊ Mark Jason၊ အိန်ဂျယ်လမုံ တို့နှင့်အတူ အထူးဧည့်သည်တော်များအဖြစ် တူးတူး၊ ဇယံဓ နှင့် အေးအေးခိုင်တို့က ပါဝင်အားဖြည့် ဖျော်ဖြေကြမည် ဖြစ်သည်။

 

ယခုပွဲသည် ဂီတဖျော်ဖြေမှုများ သာမကဘဲ ရိုးရာ အငြိမ့်ပြက်လုံး ပုံစံမဟုတ်သည့် အဆိုတော်များနှင့် အနုပညာရှင်များ ကိုယ်တိုင် မင်းသားကြီး မိုးမင်းနှင့်အတူ ပါဝင်သရုပ်ဆောင်မည့် ဟာသပြဇာတ်ကိုပါ ကြည့်ရှုခံစားကြရမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ရိုးရာ သဘင်အနုပညာလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လျှောက်လှမ်းခဲ့ပြီး နွေဦးတော်လှန်ရေးအတွင် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် ဇာတ်မင်းသားကြီး မိုးမင်း ပိုင်နိုင်သည့် သဘင်အကအခုန်၊ ကကြိုးကကွက်များနှင့် သရုပ်ဆောင်ချက်များကို အဝေးရောက် ပြည်ပပရိသတ်များ အနီးကပ် ကြည့်ရှုခွင့်ရရှိမည်ဖြစ်၍ လက် မှတ်များကို ကြိုတင်ဝယ်ယူထားကြရန် ပွဲစီစဉ်သူများက တိုက်တွန်းထားသည်။