‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၀ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ စစ်တပ်စခန်းများကို ယခုရက်ပိုင်းတွင် အရပ်သုံး ဆယ်ဘီးကားကြီးများဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများတင်ပို့နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဩဂုတ် ၆ရက်နေ့က ချောင်းသာလမ်းဆုံမှနေ၍ သာပေါင်းဘက်သို့ အမိုးအုပ်ထားသည့် ဆယ်ဘီးကားကြီး နှစ်စီးထွက်ခွာသွားပြီး လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်သွားသည်ဟုသိရသည်။

‎”ချောင်းသာလမ်းဆုံကနေ သာပေါင်းဘက်ကို ခေါင်းတိုကားတွေနဲ့ပါ ဆက်တိုက်တက်နေတယ်။ လူအပြောင်းအလဲတွေလည်း လုပ်နေတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ထို့အပြင် ဩဂုတ် ၆ရက် နေ့လယ် ၁၂နာရီခန့်တွင်လည်း ချောင်းသာလမ်းဆုံတွင် ရောက်ရှိနေသည့် စစ်တပ် တပ်ဖွဲ့ဝင်နှင့် ရဲသား စုစုပေါင်း ၈၀၊ ၉၀ ခန့်ကို အရပ်ဘက်ကားများသုံး၍ ပုသိမ်ဘက်သို့ ပြန်ခေါ်သွားခဲ့သည်။

‎ရေကြည်ဘက်မှ အထိနာပြီး ဒဏ်ရာအပြင်းအထန်ရလာသည့် စစ်တပ် တပ်ဖွဲ့ဝင်များကိုလည်း သတင်းပေါက်ကြားမည်စိုးသည့်အတွက် ညအချိန်များတွင် အရပ်ဘက်ကားများ စစ်သုံးကားကြီးများကို အမိုး အကာများအုပ်၍ ပုသိမ်ဘက်သို့ ခေါ်ယူသယ်ဆောင်နေကြောင်း သိရသည်။

‎အထူးကွန်မန်ဒိုဟုဆိုကာ စေလွှတ်ထားသည့် တပ်ဖွဲ့များလည်း တိုက်ပွဲများတွင် သေဆုံးခဲ့ပြီး ကျန်ရှိသူအနည်းငယ်သည်လည်း ပုသိမ်တွင် ဆေးကုသရန်ပြန်ဆင်းနေကြရသည်။

‎ပြီးခဲ့သည့် ဩဂုတ် ၁ရက်နှင့် ၂ရက်နေ့တို့တွင် ရေကြည်နှင့် သာပေါင်းရှိ စစ်တပ်စစ်စခန်းများနှင့် စစ်ကြောင်းများကို AAကတိုက်ခိုက်ခဲ့ပြီး စစ်သားအလောင်းများနှင့် လက်နက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

‎စစ်တပ်က ရခိုင်တောင်ပိုင်းကို ပိတ်ဆို့ပြီး အင်အားအလုံးအရင်းနှင့် ဝင်ရောက်မည်ဆိုကာ လူအင်အားများ ဆက်တိုက်ဖြည့်တင်းခဲ့ပြီး ရခိုင်အစပ် ရေကြည်နှင့် သာပေါင်းတို့တွင် စစ်အခြေစိုက်စခန်းများ ပြုလုပ်ပြီး လက်နက်ကြီးများပါ တပ်ဆင်ခဲ့သည်။

‎ထို့အပြင် ဗျူဟာမှူးများကိုပါ စခန်းတိုင်းတွင် ပို့ထားပြီး ရေကြောင်းမှနေ၍ ဇက်သင်္ဘောများဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ထားသည်။ ဒေသခံရွာသားများကိုလည်း ရှေ့တန်းစခန်းများဆီသို့ လှည်း၊ ဆိုင်ကယ်များဖြင့် ခဲယမ်း၊ ရိက္ခာပို့ဆောင်ခိုင်းပြီး လူသားဒိုင်း လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- လူမှုကွန်ရက်