ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဩဂုတ် ၁၀ ရက်

ပဲခူးတိုင်းအရှေ့ပိုင်း၊ တောင်ငူမြို့တွင် ရွေးတုအစိုးရ၏ ပြည်သူ့စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်း ကြမ်းနေပြီး လမ်းသွားလမ်းလာ လူငယ်များကို တွေ့သည့်နေရာ၌ လုံးထွေးဖမ်းဆီးသည်အထိ ပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခြင်းကို နယ်မြေခံရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောတီများက ဦးဆောင်၍ လမ်းသွားလမ်းလာ လူငယ်များကို နေ့ရောညပါ မချန် အဓမ္မ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

“အရင်က ညပိုင်းတွေပဲဖမ်းတာ။ အခု နေ့ခင်းတွေပါ လိုက်ဖမ်းတယ်။ လူငယ်တွေကို တွေ့တဲ့နေရာ ကားပေါ် ဆွဲတင်သွားတာ။ အသာတကြည် အဖမ်းမခံရင် ထိုး ကြိတ် လုံးထွေးပြီး ကားပေါ် ကောက်တင်သွားကြတယ်” ဟု တောင်ငူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရလက်အောက်ခံ အဖွဲ့များသည်ဆင်းရဲသား လက်လုပ်လက်စား လူငယ်များ အလုပ်သွားချိန်၊အလုပ် ပြန်ချိန်များကို စောင့်ဆိုင်းဖမ်းဆီးလေ့ရှိသည်။

ထိုသို့ ဖမ်းဆီးရမိသော လူငယ်များကို စစ်မှုထမ်း လူဦး ရေ မပြည့်မီသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပြန် လည်ရောင်းစားခြင်း၊ ငွေကြေး တတ်နိုင်သူများကိုမူ တစ်ဦးလျှင် ကျပ်သိန်း ၆၀ ဖြင့် ပြန်လည်ရွေးခိုင်းခြင်းများ ပြုလုပ်ကာ လူမှောင်ခိုဂိုဏ်းကြီးသဖွယ် လုပ် ဆောင်နေကြောင်း သိရသည်။

“ကျွန်မတို့ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းရီတို့အဖွဲ့ အဆိုးဆုံးပဲ။ ရပ်ကွက်ထဲမှာလည်း စစ်မှုထမ်းကြေးတစ်အိမ် သုံးသောင်း ကောက်တယ်။ အခြားရပ်ကွက်တွေမှာလည်း လိုက်ဖမ်းပြီး ရောင်းစားတယ်။ အရင်က သူတို့အဖွဲ့ ပေါ်တော်မူဘုရား သံလမ်းထိပ်မှာ ညတိုင်းရှိတာ။ ခုတော့ စာကျက် ပြောင်းသွားကြပြီ” ဟု တောင်ငူမြို့ပေါ် တွင် နေထိုင်သည့် အမျိုး သမီးတစ်ဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။

တောင်ငူမြို့တွင် ပြည်သူ့စစ်မှုထမ်း ပေါ်တာဆွဲခြင်းများကို ဆက်တိုက်ဆိုသလို အရှိန် အဟုန်မြှင့် ပြုလုပ်လာသည့်အတွက် လူငယ်များ၏ နေ့စဉ် ရုန်းကန်လှုပ်ရှားမှုနှင့် ဘေးကင်းလုံခြုံရေးအတွက် အလွန်ပင် အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။