ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

 

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ရုံးဘေး၌ ယနေ့ဩဂုတ် ၁၀ ရက်နေ့တွင်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နွန်ထဘူရီခရိုင်အုပ်ချုပ်ရေးမှူး ရဲမှူးကြီး သွန်ချိုင်းယန်ပရာဆတ် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။

 

ရဲမှူးကြီးသွန်ချိုင်း၏မိတ်ဆွေဖြစ်သူ နွန်ထဘူရီလွှတ် တော်အမတ်ဟောင်းက ရဲမှူးကြီးနှင့် ၎င်း၏ဒရိုင်ဘာတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲမှူးကြီးသွန်ချိုင်းကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့သော်လည်းဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကျူးလွန်ခဲ့သူနွန်ထဘူရီ လွှတ်တော်အမတ်ဟောင်း ချလောင်းရီဝရန်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲစခန်းသို့ လာရောက်အပြစ်ဝန်ခံခဲ့ကာ သွန်ချိုင်းသည် ၎င်းနှစ်ပေါင်းများစွာအကူအညီပေးခဲ့သည့် မိတ်ဆွေဖြစ်သော်လည်း ၎င်းအခက်အခဲကြုံတွေ့ရချိန်တွင် ဂရု စိုက်ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

 

ထို့ပြင် ယနေ့ဖြစ်ရပ်သည်လည်း သွန်ချိုင်းထံမှ ရရန်ရှိသည့် ဘတ်ငွေ ၁၁ သန်းကို သွားရောက်တောင်းခံခဲ့ရာ သွန်ချိုင်းက ပြန်ဆပ်ရန်ငွေမရှိဟုပြောဆိုခဲ့သည့်အတွက် ဒေါသထွက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

 

လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားပြီးစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

နွန်ထဘူရီတွင် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ကလည်း အစိုးရကျောင်းတစ်ကျောင်းတွင် ကျောင်းတွင်းသေ နတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ အပါအဝင် စုစုပေါင်း ၁၀ ဦး အထိသေဆုံးခဲ့သည်။

ကိုးကား – The Nation Thailand