ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
ထိုင်ဝမ်စစ်တပ်ဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ပိုင်ဟူးကျွန်းစုကို တရုတ်က လေကြောင်း ကနေ စီးနင်းတိုက်ခိုက်လာရင် ခုခံတွန်းလှန်တဲ့ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ ပြုလုပ်ခဲ့ပြီး မိုဘိုင်း အင်တာနက်လိုင်းတွေကိုလည်း ပထမဆုံးအကြိမ် လျှော့ချသွားမှာ ဖြစ်ပါတယ်။
၁၀ ရက်ကြာ ‘ဟန်ကွမ်’ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့ပြီး ထိုင်ဝမ်ကို ပိုင် ဆိုင်ကြောင်း ကြေညာထားတဲ့ တရုတ်က စစ်ရေးအရ ကျူးကျော်လာရင် တုံ့ပြန်မယ့် အခြေအနေတွေကို လေ့ကျင့်နေတာပါ။

ထိုင်ဝမ်ရေလက်ကြားရှိ ပိုင်ဟူးကျွန်း စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေဟာ အမေရိ ကန်ထုတ် M60A3 တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို သုံးပြီး လေ့ကျင့်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ကမ်းခြေကို အလျင်အမြန် စီးနင်း ဝင်ရောက်လာမယ့် ရန်သူ့တပ်တွေကို အဆင့်ဆင့် ခုခံကာကွယ်တဲ့စနစ်နဲ့ တုံ့ပြန်ဖို့ ရည်ရွယ်ပါတယ်။

ပိုင်ဟူးကျွန်းစုဟာ ထိုင်ဝမ်ကျွန်းနဲ့ ပိုနီးတာကြောင့် တရုတ်က ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပထမဆုံး သိမ်းပိုက်မယ့် စစ်ဆင်ရေးစခန်း ဖြစ်လာနိုင်တယ်လို့ ထိုင်ဝမ် စစ်ရေးကျွမ်းကျင်သူတွေ က သုံးသပ်ထားပါတယ်။
သတင်းထောက်တွေကို အကန့်အသတ်နဲ့ လာရောက် ကြည့်ရှုခွင့်ပေးခဲ့ရာမှာ မြေပြင် တပ်ဖွဲ့ဝင် တွေဟာ အမှောင်ထုထဲမှာ တင့်ကားကျည်ဆန်တွေ ဖြည့်တင်းတာနဲ့ ပစ်ခတ်ရမယ့် နေရာတွေမှာ အဆင် သင့် နေရာယူထားတာကို တွေ့ရပါတယ်။
ဒီလေ့ကျင့်မှုမှာ ပိုင်ဟူးကျွန်းအခြေစိုက် အရန်တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ပြီး ၁၄ ရက်တာ လေ့ကျင့်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် အရန်အင်အားတွေကို စစ်ဆင်ရေးတွေမှာ ပိုမို ထိရောက်စွာ ပေါင်းစပ် နိုင်ဖို့ ဆောင်ရွက်တာပါ။
တနင်္လာနေ့နှောင်းပိုင်းမှာ ထိုင်ဝမ်အလယ်ပိုင်းမှာ စစ်ပွဲ သို့မဟုတ် သဘာဝဘေးအန္တရာယ် ပေါ် ပေါက်လာရင် ပြည်သူတွေရဲ့ ဆက်သွယ်ရေး အခြေအနေကို စမ်းသပ်ဖို့ မိုဘိုင်း အင်တာနက်မြန်နှုန်းကို လျှော့ချသွားမှာ ဖြစ်ပါတယ်။
အင်တာနက်မြန်နှုန်း လျှော့ချပေမဲ့ အေတီအမ်စက်တွေ၊ လမ်းဆုံမီးပွိုင့်တွေ၊ အရေးပေါ် လူနာ တင်ယာဉ်လိုင်းတွေနဲ့ အင်တာနက်လိုင်း ဝန်ဆောင်မှုတွေကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။
ကိုးကား – Reuters
Ref; Taiwan simulates repelling Chinese assault, to slow mobile internet in annual war games