ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားနေမှုများကို ကူညီထောက်ပံ့သွားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအကြား ပူးပေါင်း၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးပူးပေါင်းကော်မတီ (JERC) အား ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းအရေးပေါ် အခြေအနေအပါအဝင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပေါ်နေသော ဘေးအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် NUG နှင့် ထိုဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအကြား လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ဩဂုတ် ၈ ရက်တွင် ပြုလုပ်ပြီးနောက် ယခုကဲ့သို့ JERC ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကူညီထောက်ပံ့မှုများအား လိုအပ်ချက်ပေါ်အခြေခံ၍ မျှတစွာ ဖြန့်ဝေနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဒေသခံ လူမှုကူညီရေးအဖွဲ့များ၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးတို့ ပါဝင်သလို ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း သိရသည်။
ယင်းဖွဲ့စည်းမှုအား NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-MoSLHA) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၏ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (SFUIG-MoHAREM) တို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
အဆိုပါ JERC ၏ အဓိကရည်ရွယ်ချက်များမှာ (က) ဘေးသင့်ပြည်သူများထံ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ပံ့ပိုးပေးရန်၊ (ခ) ထိခိုက်ဆုံးရှုံးမှုနှင့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ စုစည်းခွဲခြမ်းစိတ်ဖြာ၍ တုံ့ပြန်ရန်၊ (ဂ) အကူအညီများ ထပ်နေမှု (သို့မဟုတ်) လစ်ဟာမှုများမရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်တို့ဖြစ်သည်။

ထို့အပြင် (ဃ) ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် ရေရှည်တည်တံ့မည့် မူဝါဒများ အကောင်အထည်ဖော်ရန်ဖြစ်ပြီး လုပ်ငန်းတာဝန်အနေဖြင့် (၅) ချက်ရှိကာ (က) မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကြီးကြပ်ခြင်း၊ (ခ) အခြေအနေအကဲဖြတ်ချက်များ စုစည်းခြင်း၊ (ဂ) မျှတစွာ ဖြန့်ဝေရေးစီမံခြင်း၊ (ဃ) နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (င) ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲခြင်းတို့ဖြစ်သည်။
အလားတူ JERC အနေဖြင့် လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ ဒေသခံများ၏ ပါဝင်မှုနှင့် ထိခိုက်လွယ်အုပ်စုများကို ဦးစားပေးမှု စသည့်မူများအား အခြေခံ၍ မြို့နယ်အလိုက် ဘေးအန္တ ရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများ ပြုစုခြင်း၊ အရေးပေါ်လိုအပ်ချက်များ စုစည်းခြင်းတို့ကိုလည်း စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက် ကုန်၊ ဆေးဝါး၊ သောက်သုံးရေ၊ အသက်ကယ်ပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေး၊ ဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးတို့ကို စနစ်တကျ ဆောင်ရွက်သွား၍ JERC အား လိုအပ်သလို ဆက်လက်တိုးချဲ့ကာ ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NUG က အသိပေးထားသည်။
လက်ရှိတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနှင့် ဒီပဲယင်း အစရှိသော မြို့နယ်များ၌ မကြာသေးမီက ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စိုက်ပျိုးမြေအမြောက်အများ ရေနစ်မြုပ်ကာ ကျေးရွာများမှ ပြည်သူလူထု သောင်းပေါင်းများစွာ အရေးပေါ် ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိသည်။
ဓာတ်ပုံ – MOD