ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒု-ရဲမှူးကြီး ဝင်းနိုင် ကိုယ့်ကိုယ်ကိုသေနတ်နဲ့ပစ်ပြီး သေဆုံးမှုဖြစ်ပွား

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ရေဦးခရိုင်၊ စစ်အုပ်စုလက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူး စက်တင်ဘာလ ၁၅ ရက် မနေ့ညပိုင်းက သူ့ကိုယ်သူသေနတ်နဲ့ပစ်ခတ်ပြီးသေဆုံးသွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။

သေဆုံးခဲ့သူဟာ ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဝင်းနိုင်ဆိုသူဖြစ်ပြီး မနေ့ညပိုင်းက သူ့ရဲ့နေအိမ်မှာ သူကိုင်ဆောင်တဲ့သေနတ်နဲ့ ပစ်ခတ်ပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

” သူက အောက်ခြေရဲအခြားအဆင့်ကနေအရာရှိဖြစ်တာလို့သိရတယ်၊ သူတို့ ရဲအရာရှိလောင်းအပတ်စဥ် ၁၆ ကို ထုချေလွှာတောင်းတာများပြီး မခံနိုင်တော့လို့ အဲ့ဒီလိုလုပ်သွားတာလို့သိရတယ်။ ခရိုင်မှူးစဖြစ်တာမကြာသေးဘူး” လို့ စစ်ကိုင်းတိုင်းအတွင်းက အမည်မဖော်လိုတဲ့ ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရေဦးမြို့ဟာ ယခင်က မြို့နယ်အဆင့်သာရှိတာဖြစ်ပြီး စစ်ကောင်စီလက်ထက်ခရိုင်အသစ်တွေတိုးချဲ့ ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ရေဦးခရိုင်အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲ့ဒီခရိုင်အသစ်မှာ သူက ခရိုင်ရဲမှူးအဖြစ်တာဝန်ယူခဲ့တာ လပိုင်းဘဲရှိသေးတယ်လို့ ရဲသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ရေဦးမြို့နယ်ဟာ ဒေသကာကွယ်ရေးတပ်တွေအင် အားများပြီး စစ်ကောင်စီကိုဆန့်ကျင့်မှုအားကောင်းတဲ့မြို့နယ်ဖြစ်ကာ စစ်အုပ်စုလက်အောက်ခံအောက်ခြေ ရဲတွေမကြာခဏဆိုပစ်ခတ်သတ်ဖြတ်ခံနေရတာပါ။

ရဲတပ်ဖွဲ့အကြီးအကဲအသစ် ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ကလည်း ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်ခံရလို့သေဆုံးမှုများပြားနေတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတွေအပေါ် ဖိအားပေးမှုတွေရှိတယ်လို့ နေပြည်တော်ရဲအသိုင်းအဝိုင်းဆီကသိရပါတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်လာရောက်စဥ် ယာယီဒုရဲမှူးကြီး ဝင်းနိုင်ကိုတွေ့ရစဥ်။

#AyeyarwaddyTimes