ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အချက် ၁၅ ချက်ပါ ဂါဇာ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို လက် မခံနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက တနင်္ဂနွေနေ့မှာ ငြင်းဆန်လိုက်ပါတယ်။
အောက်တိုဘာလ ရွေးကောက်ပွဲအတွက် နေတန်ယာဟုဟာ လိုက်လျောမှုတွေ မလုပ်ချင်တဲ့ လက်ယာစွန်းဝန်ကြီးတွေနဲ့ စစ်ပွဲအမြန်ပြီးချင်နေတဲ့ ထရမ့်အစိုးရကြားမှာ ဗျာများနေတာပါ။
အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အစ္စရေးစစ်တပ်ဟာ သြဂုတ်လ ၃ ရက်နေ့ကတည်းက ဂါဇာ ဒေသမှာ တိုက်ခိုက်မှုတွေ လျှော့ချခဲ့ပါတယ်။
အစ္စရေးက တိုက်ရိုက် ခြိမ်းခြောက်မှုတွေကိုပဲ တုံ့ပြန်တော့မှာဖြစ်ပြီး ယခင်ကလို သီးသန့် ပစ်မှတ် ထား လုပ်ကြံသတ်ဖြတ်တာတွေ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
နေတန်ယာဟုက ဟားမတ်စ်အဖွဲ့ လက်နက်မစွန့်လွှတ်သရွေ့ အစ္စရေးစစ်တပ်အနေနဲ့ တပ်ဖွဲ့ တွေရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်တွေထဲမှာ လက်ခံနိုင်တာရော လက်မခံနိုင်တာပါ ပါဝင်နေပြီး မလို လားအပ်တဲ့အချက်တွေကို ငြင်းဆန်သွားမယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
အမေရိကန်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်အရ ဟားမတ်စ် လက်နက်ဖြုတ်သိမ်းပြီးပါက အစ္စရေး တပ်များ အဆင့်လိုက် ပြန်ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။
ဟားမတ်စ်က ကိုင်ရိုမှာ သဘောတူထားတဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အစ္စရေးက ပိတ်ဆို့တာတွေ မလုပ်ဖို့ အမေရိကန်က ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးက ဂါဇာဒေသရဲ့ သုံးပုံနှစ်ပုံကို သိမ်းပိုက်ထားပြီး စစ်ဘေးဒုက္ခသည် ၂ သန်းကျော်ဟာ ကမ်းရိုးတန်းဒေသမှာ အခက်အခဲများစွာနဲ့ နေထိုင်နေရပါတယ်။
ကိုးကား – Reuters
Ref; Netanyahu says Trump’s new Gaza plan is unacceptable