ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ ပြည်သူများ နေထိုင်ရာနေရာများကို ရွေးတုအစိုးရစစ်တပ်က ညပိုင်းအချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ နှစ် ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ယမန်နေ့ ဩဂုတ် ၈ ရက် ည ၉ နာရီ ၃၀မိနစ်ခန့်တွင် စစ်တပ်၏ လေတပ်မှ ဂျက်ဖိုက်တာ အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် တစ်စီးဖြင့် တလိုင်းတောင်ကျေးရွာအတွင်းသို့ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ကိုအောင်ပိုင်၏ နေအိမ်နှင့် ကားဝပ်ရှော့ အလုပ်ရုံအနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် အလုပ်ရုံအဆောင်တို့ ပျက်စီးသွားခဲ့သည်။
ဗုံးစ ထိမှန်မှုကြောင့် နေအိမ်အတွင်းရှိ ကိုအောင်ပိုင်၏ မိခင်ဖြစ်သူ ဒေါ်မလေးငယ် (၆၇) နှစ် နှင့် ကားဝပ်ရှော့ အလုပ်သမားဖြစ်သူ မောင်ဉာဏ် (၂၃) နှစ် တို့ နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုအောင်ပိုင်၏ ဇနီး၊ သမီးနှင့် ကားဝပ်ရှော့ အလုပ်သမား မောင်ထွန်းထွန်းဝင်းတို့ အပါအဝင် စုစုပေါင်း သုံး ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ဝပ်ရှော့အတွင်း ပြင်ဆင်ရန် ရပ်နားထားသည့် မော်တော်ယာဉ် ငါး စီးလည်း ပျက်စီးသွားခဲ့ကြောင်း AA ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk